Home သတင်း ၁၀ ဦးမြောက် KNU ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်း ဖြစ်လာ

၁၀ ဦးမြောက် KNU ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်း ဖြစ်လာ

1511

မေလ ၂ ရက်။ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး၏ (၁၇) ကြိမ်မြောက် ဗဟိုကွန်ဂရက်ရွေးကောက်ပွဲကို ယနေ့ မေလ ၂ ရက်နေ့တွင် ဆက်လက်ကျင်းပရာ (၁၀)ဦးမြောက် ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်းကို မဲပေးရွေးကောက်တင်မြောက်လိုက်ကြောင်း သိရသည်။

(၁၇) ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်ကို ပြီးခဲ့သည့် ဧပြီလ ၂၄ရက်နေ့မှစ၍ ၎င်းတို့ထိန်းချုပ် နယ်မြေ တစ်နေ ရာတွင် ကျင်းပခဲ့ရာ ခရိုင်၊ တပ်မဟာ (၇)ခုမှ ကိုယ်စားလှယ် ၁၀၀ ကျော်ပါ ဝင်တက်ရောက်ပြီး ကိုယ်စားလှယ် ၅၆ ဦး ဝင်ရောက်အရွေးကောက်ခံခဲ့ကြသည်။ ထို့နောက် ခေါင်းဆောင် အသစ်များကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ပြန်လည်ရွေးကောက်ကြရာတွင် ယခင်ဒုဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူ ပဒိုစောကွယ်ထူးဝင်းက ဥက္ကဋ္ဌ ဖြစ်လာခြင်း ဖြစ်သည်။

ကွန်ဂရက်တွင် အဖွဲ့အစည်း၏ ကြီး (၅) ကြီးမှ အမြင့်ဆုံးရာထူးဖြစ်သော ဥက္ကဋ္ဌနေရာကို ပဒို စောကွယ်ထူးဝင်းအား ပြန်လည်ရွေးကောက်တင်မြောက်ခဲ့ပြီးနောက် ကျန် ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးချုပ်၊ တွဲဖက်အတွင်းရေးမှူး(၁) နှင့် (၂)တို့ကို လျို့ဝှက်မဲစနစ်ဖြင့် ဆက်လက်ပြီး ပြန်လည်ရွေးကောက်တင်မြောက်ကြမည်ဟု သိရသည်။

ယခုပြုလုပ်သည့် ကေအဲန်ယူဗဟို၏ ကွန်ဂရက်ကို ခရိုင်တပ်မဟာ(၇)ခုစလုံးက ကိုယ်စားလှယ်များ တက် ရောက်ခဲ့ကြပြီး တောင်ငူခရိုင်၊ တပ်မဟာ (၂) နှင့် မူတြော်ခရိုင်၊ တပ်မဟာ (၅) မှ ကိုယ်စားလှယ် များ ပါဝင်တက်ရောက်ဆွေးနွေးမှုပြုခဲ့ကြသော်လည်း ခေါင်းဆောင်သစ်များကို ပြန်လည်ရွေးကောက် တင်မြောက်ရာတွင် ဝင်ရောက်မဲပေးခြင်းနှင့် ရွေးကောက်ခံခြင်း မပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကေအဲန်ယူ တပ်မဟာ (၅) ဘက်မှလည်း ကွန်ဂရက်နှင့်ပတ်သက်ပြီး အကြံပြုတောင်းဆိုစာတစ်စောင် ကွန်ဂရက်သို့ တင်ပြဆွေးနွေးခဲ့သေးသည်ဟု ကေအဲန်ယူ သတင်းအရင်းအမြစ်များထံမှ သိရသည်။

ထိုသို့ ခရိုင်၊ တပ်မဟာ (၇) ခုရှိသည့်အနက် ခရိုင်တပ်မဟာ (၂)ခုမှ ကိုယ်စားလှယ်များ ဝင်အရွေးခံခြင်း နှင့် မဲပေးခြင်းမပြုကြသော်လည်း ကျန်ရှိသည့် ခရိုင်ကိုယ်စားလှယ်များအားလုံး ပါဝင်တက်ရောက် သောကြောင့် ကေအဲန်ယူ၏ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲတက်ရောက်သူ (၇၅) ရာခိုင်နှုန်းပြည့်သည့်အတွက် ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ကွန်ဂရက်တွင် ကေအဲန်ယူ၏ ကြီး ၅ ကြီးခေါင်းဆောင်များကို မရွေးကောက်မီ အရံ ဗဟိုအမြဲတမ်းကော် မတီ(၄၅)ဦးကို ကနဦးရွေးချယ်ခဲ့ပြီးနောက် ဗဟိုအမြဲတမ်းကော်မတီ (၄၅)ကို ဆက်လက် အတည်ပြု ရွေးချယ်ခဲ့သည်။ ထို့နောက် ကြီး (၅)ကြီး ခေါင်းဆောင်များကို မဲပေးရွေး ကောက်တင်မြောက်ရခြင်းဖြစ်ပြီး ကျန်ရှိသည့်အလုပ်အမှုဆောင် ကော်မတီဝင်များနှင့် ဌာနဆိုင်ရာ ခေါင်းဆောင်များကို အသီးသီး ပြန်လည်ရွေးကောက်တင်မြောက်ရခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့က ကနဦးအရံဗဟိုအမြဲတမ်းကော်မတီကို ရွေးချယ်ရန် မဲပေး ရွေးချယ်မှုများ ပြုလုပ်ခဲ့ရာ အွန်လိုင်းဝင်ရောက်နှောင့်ယှက်မှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ရွေးကောက်ပွဲ အထမမြောက်ခဲ့ဘဲ ယမန်နေ့ မေလ ၁ ရက်နေ့မှစ၍ မဲပေးရွေးချယ်မှုကို ပြန်လည်စတင်ခဲ့ရပြီး ယနေ့တွင် ကရင်ပြည်သူလူထုအပြင် အခြားသူများလည်းစိတ်ဝင်တစား စောင့်ကြည့်နေသည့် ခေါင်းဆောင်သစ်များကို ပြန်လည်ရွေးကောက်တင်မြောက်ခဲ့ခြင်းဖြစ်သည်။

ထိုကေအဲန်ယူကွန်ဂရက်ကို ကေအဲန်ယူ ထိန်းချုပ်နယ်မြေတစ်နေရာတွင် ကျင်းပကာ ကိုယ်စားလှယ် တစ်ရာကျော်ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပြီး လက်ရှိ ကေအဲန်ယူ ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည်လည်း ယခုကျင်းပသည့် (၁၇) ကြိမ်မြောက်ကွန်ဂရက်တွင် ပါဝင်ရွေး ကောက်ခံ ခြင်းမရှိတော့သလို ကွန်ဂရက်တွင် အစည်းအရုံး၏ အမြင့်ဆုံးရာထူး ဥက္ကဋ္ဌနှင့် ခရိုင် ဥက္ကဋ္ဌရာထူး သက်တမ်းများကို နှစ်ကြိမ်သာ ထမ်းဆောင်ခွင့်ရမည်ဖြစ်ကြောင်း အတည်ပြု ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ယခင် (၁၆) ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်ကို ပြီးခဲ့သည့် ၂၀၁၇ခုနှစ် ဧပြီလတွင်ကျင်းပခဲ့ပြီး ကေအဲန်ယူ၏ ဖွဲ့စည်းပုံအရ ဗဟို၊ ခရိုင်နှင့် မြို့နယ်အဆင့် ကွန်ဂရက်ကို (၄) နှစ်တစ် ကြိမ် ကျင်းပရမည်ဖြစ်သော်လည်း ကိုဗစ်ကမ္ဘာ့ကပ်ရောဂါအခြေအနေနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စစ်အာဏာသိမ်းပဋိပက္ခကြောင့် ကွန်ဂရက်ကို (၂)နှစ်ခန့် ရွှေ့ဆိုင်းလိုက်ရပြီး ၆ နှစ်ကြာမှ ယခုလို ပြန်လည်ကျင်းပနိုင်ခြင်းလည်းဖြစ်သည်။

KNU စတင်ဖွဲ့စည်းချိန်မှစ၍ ဥက္ကဋ္ဌအဖြစ် ၁၉၄၇ခုနှစ်တွင် စောစံဖိုးသင်မှ ပထမဦးဆုံး တာဝန်ယူခဲ့ပြီး ၁၉၄၇ ခုနှစ်မှ ၁၉၅၀ခုနှစ်တွင် စောဘဦးကြီး၊ ၁၉၅၀ခုနှစ်မှ ၁၉၅၃ခုနှစ်တွင် စကောလယ်တော၊ ၁၉၅၃ ခုနှစ်မှ ၁၉၆၃ခုနှစ်တွင် စောဟံတာသာမွေး၊ ၁၉၆၃ ခုနှစ်မှ ၁၉၇၅ခုနှစ်တွင် မန်းဘဇန်၊ ၁၉၇၆ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးစောဘိုမြ၊ ၂၀၀၀ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ပဒိုစောဘသင်စိန်၊ ၂၀၀၈ ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ ဗိုလ်ချုပ်ကြီး စောတာမလာဘောနှင့် ၂၀၁၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုးတို့မှ အသီးသီး တာဝန်ယူခဲ့ပြီးနောက် ပဒိုစောကွယ်ထူးဝင်းအနေဖြင့် ၁၀ ဦးမြောက် KNU ဥက္ကဋ္ဌ ဖြစ်လာခဲ့ခြင်းဖြစ်သည်။