မေလ(၁)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ် အလူးလေးကျေးရွာနှင့် သပြေနီကျေးရွာအနီးတွင် ဧပြီလ(၂၉)ရက် နေ့က စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ် ပွားပြီးနောက် လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာနေ၍ ဒေသခံများနေရပ်မပြန်ရဲသေးကြကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
စစ်ကောင်စီတပ်များနှင့် KNLA တပ်ရင်း(၃) ပူးပေါင်းတပ်ဖွဲ့များ အလူးလေးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် သပြေနီကျေးရွာ၊ အလူးလေးကျေးရွာနှင့်အလယ်ရွာများရှိ ဒေသခံများ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာမှုများရှိနေသောကြောင့် စိုးရိမ်ထိတ် လန့်ကာ နေရပ်မပြန်ရဲသေးကြောင်း ဘီးလင်းမြို့ခံတစ်ဦးက ပြောသည်။
၎င်းက “တိုက်ပွဲကတော့ ဒီနေ့ငြိမ်နေတယ်၊ စစ်ဘေးရှောင်တော်တော်များများက မပြန်နေရဲကြဘူး။ အိမ်ကို အခြေအနေပြန်ကြည့်တဲ့သူလောက်ပဲ ပြန်ကြတာရှိတယ်။ စစ်ရေးတင်းမာနေတယ်ဆိုတာကလည်း ကာကွယ်ရေးတပ်တွေရော စစ်ကောင်စီရောက နှစ်ဖက်လုံး သူချောင်းကိုယ်ချောင်း အခြေအနေ ဖြစ်နေ တယ်။ တိုက်ပွဲ အချိန်မရွေးဖြစ်လာနိုင်တယ်ဆိုတော့ တော်တော်များများက ပြန်မနေရဲကြသေးဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။
ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဘီးလင်း မြင်သာတောင် စစ်ကောင်စီ တပ်စခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီး များမှာ အလူးလေး ကျေးရွာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ သလို အဆိုပါနေ့ ညနေ ပိုင်းတွင် သပြေနီ ကျေးရွာအနီးရှိ စစ်ကောင်စီ၏ သံတံတားစစ်ဆေးရေး ဂိတ်စခန်း သို့ ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လက်နက်ကြီးများ တုံ့ပြန်ပစ်ခတ်စဥ် သပြေနီ ကျေးရွာအတွင်း ကျရောက် ၍ ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ကေအဲန်ယူ သတင်းအရင်း အမြစ်နှင့် ဒေသခံများကပြောသည်။
နံနက်ပိုင်း အလူးလေးကျေးရွာတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီသတင်းပေးတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် (၃)ဦးသေဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာ အချို့က ဖော်ပြထားပြီး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ကေအဲန်ယူ၏ သထုံခရိုင်အတွင်း ရေးမှူး ပဒိုစောအေးနိုင်က ပြောသည်။
“လက်နက်ကြီး(၉)လုံး အလူးလေးရွာဘက်ကိုလှမ်းပစ်တာ ရွာဘေးက ကားလမ်းမပေါ်ကိုတစ်လုံးကျတယ်။ နောက်ပြီး ဒေသခံတွေအလုပ်လုပ်ကိုင်တဲ့နေရာကို (၈)လုံးကျတယ်။ အရပ်သားထိခိုက်တာမရှိဘူး။ KNLA နဲ့ပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်ကျဆုံးမရှိဘူး။ စစ်ကောင်စီရဲ့ထိခိုက်ကျဆုံးကတော့ ကျနော်တို့မသိရ သေးပါဘူး။” ဟု ၎င်းက ပြောသည်။
ထို့နောက် ညနေပိုင်းအချိန် သပြေနီကျေးရွာအနီး သံတံတားဂိတ်စခန်း တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၇)ဦးထိခိုက်သေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများ၏ ပြောကြားချက်အရ သိရှိရ သော်လည်း ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေ ဆဲဖြစ်သည်။
အလားတူ ဧပြီလ(၁၉)ရက်နေ့က အလုံတောင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များက အလူးလေး ကျေးရွာသို့ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့သော်လည်း ယခုတစ်ခါ တိုက်ပွဲများကြောင့် နေရပ်မပြန်နိုင်၍ ဒေသခံများ၏ စီးပွား ရေးကောင်းမွန်စွာ မလည်ပတ်နိုင်ဘဲ ဘဝရပ်တည်ရေးခက်ခဲနေကြကြောင်း ဘီးလင်းမြို့ခံများက ပြောသည်။



















