မေလ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် တပ်မဟာ-၃ နယ်မြေ၊ မုန်းမြို့နယ်ရှိ ညောင်ပင်သာကျေးရွာထဲတွင် ကလေးငယ်အပါအဝင် ဒေသခံ ၁၉ ဦးကို အစုလိုက်အပြုံလိုက် မီးရှို့ သတ် ဖြတ်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် လက်ရှိတွင် မုန်းမြို့နယ်ထဲကို ဆက်လက် စစ်ကြောင်းထိုး နေဆဲဖြစ်သည်ဟု မေလ ၁၆ ရက်နေ့တွင် ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ စစ်ကြောင်းသည် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော်-KNLA တပ်ရင်း(၈) နယ်မြေရှိ ကျောင်းစု(ပေါ်ပီဒဲ) ကျေးရွာအုပ်စုတွင် ရောက်ရှိကာ ဒေသခံများကို ဖမ်းဆီးပစ်ခတ်မှုရှိသည့်အတွက် အနီးအနားရှိ ကျေးရွာ (၈)ရွာမှ ဒေသခံ ၈,၀၀၀ (ရှစ်ထောင်)ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မေလ (၁၀)ရက်နေ့တွင် ကလေးငယ်အပါအဝင် ဒေသခံလူထု ၁၉ ဦးကို အစုလိုက်အပြုံလိုက် မီးရှို့ သတ်ဖြတ်သွားသော အဆိုပါ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းသည် မေလ ၁၁ ရက်နေ့တွင် ရေအိုးစဉ် ကျေးရွာတွင် ဆက်လက်စစ်ကြောင်းထိုးလာစဉ် KNLA တပ်ရင်း (၈) တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ် ပွားခဲ့ သလို ထိုမှတစ်ဆင့် မေလ ၁၃ ရက်နေ့တွင် မီးတိုင်တောကျေးရွာတွင် တစ်ကြိမ်နှင့် မေလ ၁၄ရက်နေ့ ကျောင်းစု (ပေါ်ပီဒဲ) ကျေးရွာတွင်လည်း တိုက်ပွဲဖြစ်ပွားသည်ဟု ကေအဲန်ယူဘက်က ပြောသည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ မုန်းနယ်တစ်ဝိုက်၊ ပြီးတော့ မုန်း-နတ်သံကွင်း တစ်ဝိုက်မှာ တော်တော်ထိုးစစ်ဆင်တယ်။ ပစ်ခတ်တိုက်ခိုက်မှုအပြင် ကျေးရွာထဲမှာ ထိုးစစ်ဆင်တော့ ဆိုးသ ထက်ဆိုးလာတယ်။ စစ်ရှောင်တွေကလည်း အမိုးအကာမရှိဘူး။ ရိက္ခာတွေလည်းမရှိဘူး၊ လမ်းပန်း ဆက်သွယ်ရေးလည်း ခက်ခဲဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ကေအဲန်ယူ ထုတ်ပြန်ချက်အရ အဆိုပါ ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာ (၈)ရွာမှ အိမ်ထောင်စု (၁,၇၄၈)စုနှင့် လူဦးရေ (၈၆၉၆)ဦးရှိပြီး ပြီးခဲ့သည့် ရက်ပိုင်းက တိုက်ခိုက်သွားသည့် မိုခါမုန်တိုင်း ဒဏ်ကြားတွင် အသက်လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် အခက်ခဲများစွာရင်ဆိုင်ကြုံတွေ့နေရကြောင်းလည်း ဖော်ပြထားသည်။
ကေအဲန်ယူ ညောင်လေးပင်ခရိုင်ထဲသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ဒေသခံ အရပ်သားပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုကို လုပ်ဆောင်နေမြဲဖြစ်ပြီး စစ်ကောင်စီတပ် ကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် စစ်ရှောင်ပြည်သူများထံ ထောက်ပံ့ရေးအကူအညီ ရောက်ရှိရန် ခက်ခဲကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် -KPSN ပြောခွင့်ရ နော်ဝါးခူရှီးက ကေအိုင်စီသို့ ယခုလို ပြောသည်။
“ အဲဒီဘက်က နယ်စပ်နဲ့သိပ်မနီးဘူးဆိုတော့ အကူအညီတွေက နယ်စပ်လောက် သိပ်မရဘူး။ လမ်းကြောင်းလည်းခက်ခဲတယ်။ သူတို့ကို ကူညီဖို့ ကျမတို့မှာလည်း အကူအညီလုံလုံလောက်လောက် မရဘူး။ အရေးပေါ်တစ်ခါတစ်လေလောက်ပဲ အကူအညီပေးလို့ရတယ်။ ပြီးတော့ စစ်ကြောင်းထိုး လာတဲ့ စစ်တပ်က KNLA ကို သူတို့ မမိရင် အရပ်သားပြည်သူတွေကို ပြန်ပစ်မှတ်ထားဖမ်းဆီးတာတွေ ပစ်သတ် တာတွေ အရင်ကတည်းလုပ်ဆောင်ခဲ့တာတွေ့ရတယ်။” ဟု နော်ဝါးခူရှီးက ပြောသည်။
လက်ရှိစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် တပ်မ(၉၉) လက်အောက်ခံ (ခမရ-၁၅) အမှတ် (၆)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်ရင်း ခလရ-၈၄၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်ငူလက်အောက်ခံတပ်ရင်း (ခလရ-၇၃)ဇရပ်ကြီး၊ (ခမရ-၅၉၉) မုန်း နှင့် တပ်မ(၄၄) လက် အောက်ခံ တပ်ရင်း စသည့် ပူးပေါင်းတပ်ဖွဲ့များဖြစ်သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



















