Home သတင်း သံမိုးတောင်စာသင်ကျောင်းတွင် စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲထား၍ ကျောင်းပြန်ဖွင့်ရန် ခက်ခဲနေ

သံမိုးတောင်စာသင်ကျောင်းတွင် စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲထား၍ ကျောင်းပြန်ဖွင့်ရန် ခက်ခဲနေ

947

မေလ ၁၇ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ လိပ်သိုဒေသအတွင်းရှိ သံမိုးတောင်ကျေးရွာ အ ထက်တန်းကျောင်းတွင် မေလပထမအပတ်မှစ၍ ယခုလက်ရှိအချိန်အထိ စစ်ကောင်စီ တပ်များ တပ်စွဲနေထိုင်သဖြင့် စာသင်ကျောင်းပြန်ဖွင့်ရန် အခက်အခဲရှိနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များမှ သိရသည်။

သံမိုးတောင်ကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလအတွင်း စစ်ကောင်စီနှင့် နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးအသုံးပြုတိုက်ခိုက်ခြင်းများကြောင့် ဒေသခံအများစုမှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်။

ယခုမေလတွင်လည်း စာသင်ကျောင်းအတွင်း စစ်ကောင်စီတပ်များတပ်စွဲနေထိုင်၍ တိုက်ပွဲများရက်ခြားစီ မကြာခဏဖြစ်ပွားနေခြင်းကြောင့် ကျောင်းပြန်ဖွင့်ရန် မဖြစ်နိုင် ကြောင်း ကျောင်းတာဝန်ရှိသူများနှင့်နီးစပ်သူများက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက “ဒီနှစ်ကျောင်းပြန်ဖွင့်ဖို့ အဆင်မပြေ လို့ ကျောင်းနေမယ့်ကလေးတွေ ကျောင်းပြောင်းထားချင်ရင် ကျောင်းပြောင်း လတ်မှတ်ယူပြီးပြောင်းထားကြဖို့ ဆရာမတစ်ယောက်က ပြောတယ်။ ကျမကလေးကို ကျောင်းထားနိုင်ဖို့ ဘယ်လိုစီစဥ်ပေးရမလဲဆိုတာ စိတ်ပူနေရတယ်။ တတ်နိုင်တဲ့ မိသားစုတွေကတော့ နီးစပ်ရာနေရာမှာ ကျောင်းထားနိုင်ပေမယ့် တစ်နေ့လုပ်မှ တစ်နေ့စားနိုင်တဲ့မိသားစုတွေကတော့ ဘယ်လိုမှအဆင်မပြေဘူးလေ။” ဟု ၎င်းက ပြောသည်။

သံမိုးတောင်ရွာအထက်တန်းကျောင်းသည် နီးစပ်ရာကျေးရွာများမှ မူလတန်း အောင်လာသည့် ကျောင်းနေအရွယ်ကလေးမှစပြီး အထက်တန်းအထိ လာရောက်ပညာသင်ယူကြသည့် ကျောင်းလည်းဖြစ်သည့်အတွက် ကျောင်းသား ဦးရေများပြားကြောင်း၊ ယခုလိုကျောင်းမဖွင့်နိုင်၍ မိမိတို့ သားသမီးများပညာရေး အတွက် စိုးရိမ်ပူပန်နေရကြောင်း ကျောင်းသားမိခင် စစ်ဘေးရှောင်အမျိုး သမီးတစ်ဦးက ပြောသည်။

“မနှစ်ကတိုက်ပွဲဖြစ်ပြီးတော့ ကျောင်းပြန်ဖွင့်ပြီး အတန်းတင်စာ မေးပွဲဖြေပေး လိုက်သေးတယ်။ ဒါပေမဲ့ နောက်ပိုင်းဆက်တိုက်နီးပါး တိုက်ပွဲတွေဖြစ်ကတည်း ပိတ်ထားလိုက်တာ။ ကလေးတွေပညာရေးအတွက် ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာ က ကျမစဥ်းစား မရနိုင်ဖြစ်နေတယ်။ ကျောင်းကလည်းဖွင့်တော့မယ် ကိုယ်တွေက လည်း ထွက်ပြေးနေရတုန်းပဲ၊ ဒီကြားထဲစားဝတ်နေရေးအခက်အခဲကလည်း ရှိနေတယ်။ မိသားစုတိုင်းပါပဲ။” ဟု ကေအိုင်စီသို့‌ ပြောသည်။

ထို့အပြင် တိုက်ပွဲများစတင်ဖြစ်ပွားကတည်းက နီးစပ်ရာနေရာများ၌ စစ်ဘေးတိမ်း ရှောင်ကြသည့်ဒေသခံများတွင် ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုနှင့် နို့စို့ အရွယ် ကလေးများပါဝင်နေပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်နေကြောင်း အဆိုပါအမျိုးသမီးက ဆက်ပြောသည်။

သံမိုးတောင်ကျေးရွာအုပ်စုရှိ သံမိုးတောင်ရွာမကြီးတွင် အိမ်ခြေ ၁၈၀အိမ်၊ သံမိုးတောင် အထက်ရွာတွင် အိမ်ခြေ ၃၂အိမ်၊ တောင်ဘက်ရွာတွင် အိမ်ခြေ ၁၆ အိမ်ရှိနေပြီး နေထိုင်သူဒေသခံအားလုံးနီးပါး တိုက်ပွဲများကြောင့် ရွာတွင်းပြန်မနေရဲကြကြောင်း သိရသည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင်နေရချိန်တွင် နေအိမ်ရှိပစ္စည်းများလည်း ခိုးယူခံနေရသလို ရွာအတွင်းရှိ နေအိမ်များ ခြံများသို့ စစ်ကောင်စီတပ်မှပစ်ခတ်လိုက်သော လက် နက်ကြီး ကျရောက်ပေါက်ကွဲ၍ လုပ်ကိုင်စားစရာမရှိတော့သည့်အတွက် စားဝတ်နေရေး ခက်ခဲနေရကြောင်း ဒေသခံများက ပြောသည်

ပြီးခဲ့သည့် မေလ(၁၁)ရက်နေ့ကလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် သံမိုးတောင်ကျေးရွာစာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ ဝင်(၁)ဦး သေဆုံးခဲ့ကြောင်း KNU သတင်းအရင်းအမြစ်မှ သိရသည်။

၎င်းအပြင် ထိုနေ့ညနေပိုင်းတွင် သံမိုးတောင်ရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းအား Alpha One အဖွဲ့မှ ဒရုန်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က တုံ့ပြန်ပစ်ခတ် လိုက်သော လက်နက်ကြီးများမှာ သံမိုးတောင်အထက်ရွာအတွင်း ကျရောက်ပေါက်ကွဲ၍ ကျေးရွာအတွင်းရှိ နေအိမ်(၃)လုံးနှင့်ခြံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။