မေလ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်၊ ရွှေကုက္ကိုလ်ဒေသတွင် မေလ(၁၂)နေ့မှစ၍ နယ်ခြားစောင်တပ် (BGF)တပ်များနှင့် ရပ်ကွက်လူကြီးများက စစ်သားဆက်ကြေး မပေးဆောင်နိုင်သည့် ဒေသခံရွာသားများကို ဖမ်းဆီးချုပ်နှောင်မှုများရှိလာကြောင်း ၎င်းဒေသတွင် ပြောင်းရွှေ့အလုပ်လုပ်ကိုင်လာသူများထံမှ သိရသည်။
အဆိုပါ ရွှေကုက္ကိုလ်ဒေသတွင် စစ်သားဆက်ကြေးဟုဆိုကာ ယခုမေလအတွင်း ရပ်ကွက်နေ အိမ်များနှင့်လာရောက်ပြောင်းရွှေ့အလုပ်လုပ်ကိုင်နေကြသည့် နေအိမ်အဆောင်တန်းလျားများကိုပါမကျန် ဘတ်ငွေ (၁,၅၀၀) နှင့် (၃,၀၀၀) အထိ လိုက်လံကောက်ခံနေပြီး ငွေကြေးပေးဆောင်မှုမရှိသည့် အရပ်သား ပြည်သူ ၃ ဦးကို (BGF) ဂိတ်စခန်းများသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။
“သူတို့ပိုက်ဆံမပေးတဲ့သူတွေဆို နယ်စပ်ကို ကူးတဲ့နားက ကျော်လားဂိတ်ကို ခေါ်သွားတယ်။ ခေါ်ပြီးတော့ အချုပ်ထဲသွားထည့်ထားတယ်။ လာပြန်ရွေးရင်လည်း မထုတ်ပေးဘူး။ လူကြီးတွေလာကောက်လို့ရှိရင် တစ်ချို့ အခန်းတွေက ရပ်ကွက်လူကြီးတွေလာခိုင်းလိုက်ဆိုရင် သူတို့သေနတ်တွေနဲ့လာပြီး အဲ့ဒီလူကို ပြောတာ ပက်ပက်စက်စက်ပဲ။ အခန်းနားက အမကြီးဆိုရင် ပြောခံထိတာ ကြောက်တောင်ကြောက်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
(BGF)တပ်များနှင့် ရပ်ကွက်လူကြီးများက ကျေးရွာတွင်းရှိ ဒေသခံရွာသားများအပြင် ရပ်ဝေးပြည်မ မှ လာရောက်ရွှေ့ပြောင်း အလုပ်လုပ်ကိုင်နေထိုင်ကြသည့် အလုပ်သမားများနေထိုင်ရာ နေအိမ်အဆောင်တိုက်ခန်းများ၊ ဆိုင်ခန်းများကိုပါ ငွေကြေးကောက်ခံမှုများ ပြုလုပ်နေပြီး အချို့ရွှေ့ပြောင်းအလုပ်သမားများအတွက် အခက်အခဲများ ဖြစ်စေကြောင်းလည်း ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောသည်။
“ရပ်ကွက်လူကြီးတွေနဲ့ စစ်သားတွေလာကြတယ်။ ကျမတို့လည်း အကျိုးအကြောင်းပြောပြတယ် မရဘူး။ ဒီနေ့ နောက်ဆုံးပိုက်ဆံပေးရပြီး။ လောလောဆယ်လက်ထဲမှာ ပိုက်ဆံမရှိသေးဘူး။ ပိုက်ဆံက ညနေရအောင် ရှာနေတယ်။ တော်ကြာ အရိုက်ခံရမှာစိုးလို့။ လကုန်မှပေးလို့မရဘူးလားလို့ မေးကြည့်တော့ ဘုန်းကြီးကျောင်း လှူနေတာ မဟုတ်ဘူးတဲ့”ဟု ကေအိုင်စီသို့ပြောသည်။
ရွှေကုက္ကိုလ်ဒေသတွင် BGF တပ်များနှင့် ရပ်ကွက်လူကြီးများက တပ်သားသစ် စုဆောင်းရန်အတွက် ရပ်ကွက်အလိုက် လူဦးရေအပေါ်မူတည်၍ ၁၅ ဦးမှ ၂၀ ဦးအထိ မဲနှိုက်ရပြီး ၎င်းတို့ထဲမှ ၅ ဦး မဲပေါက်ပါက တပ်သားသစ်အနေဖြင့် စစ်မှုထမ်းရမည်ဖြစ်သည်။ စစ်မှုမထမ်းလိုလျှင် ၎င်းအစား ငွေကြေးပေး ဆောင်ရမည်ဖြစ်သလို ထပ်မံပြီး တပ်သားများအတွက်ဆိုကာ ဒေသခံနေအိမ်များကို ဆက်ကြေး လက်လံကောက်ခံမှုများ ပြုလုပ်ခဲ့ပြီး ယနေ့ မေလ ၁၅ ရက်နေ့ နောက်ဆုံးရက် သတ်မှတ် ပေးဆောင်ရမည်ဟုလည်း ဒေသခံရွာသားများထံမှ သိရသည်။
ထို့အပြင် ရွှေကုက္ကိုလ်ဒေသတွင် မဲနှိုက်စနစ်ဖြင့် တပ်သားသစ်စုဆောင်းမှုအပြီးတွင် မဲပေါက်သူများမှ စစ်မှု မထမ်းလိုသူများအနေဖြင့် ငွေးကြေးပေးဆောင်ရမည်ဆိုရာတွင် ငွေကြေးသတ်မှတ်နှုန်းထား မသိရသေးသော်လည်း ၎င်းဒေသ နှင့်နီးစပ်သည့် ရပ်ကွက်လူကြီး ၄ ဦးမှာ အကြောင်းပြချက်မရှိ ဖမ်းဆီးခံထားရကြောင်းလည်း အမည်မဖော်လိုသည့် ရွာသားတစ်ဦးက ကေအိုင်စီသို့ပြောသည်။
၎င်းက “ရပ်ကွက်ထဲမှာတော့ တစ်အိမ်ဘယ်လောက်ဘယ်လောက်ပေးရမယ် မသတ်မှတ်သေးဘူး။ ကျောက်ဖျာက ရပ်ကွက်လူကြီးတွေကတော့ ၄ ယောက်လောက်ပါသွားတယ်။ ဘယ်သူမှ လိုက်ပြောမရဲကြဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ အဆိုပါ စစ်သားဆက်ကြေးဟုဆိုကာငွေကြေး လိုက်လံကောက်ခံမှုများကို ဒေသခံရွာသားများ၊ ရွှေ့ပြောင်းအလုပ်သမားများအပြင် ရွှေကုက္ကိုလ်မြို့သစ်တွင် ဝင်ရောက်နေထိုင်နေကြသည့် တရုတ် နိုင်ငံသားများထံမှလည်း ငွေကြေးကောက်ခံခြင်းများရှိနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ငွေကြေးတောင်းခံခြင်း၊ တပ်သားသစ်စုဆောင်းခြင်းနှင့် ဖမ်းဆီးချုပ်နှောင်မှုများနှင့်ပတ်သက်ပြီး ကရင် သတင်းဌာန−ကေအိုင်စီအနေဖြင့် နယ်ခြားစောင့်တပ်(BGF)တပ်၏ တာဝန်ရှိသူများကို ဆက်သွယ်မေး မြန်းခဲ့ သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။



















