Home သတင်း ဖမ်းဆီးခံရသည့် KNU ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ၏ ညီနှင့်တူတို့ ပြန်လည်လွတ်မြောက်

ဖမ်းဆီးခံရသည့် KNU ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ၏ ညီနှင့်တူတို့ ပြန်လည်လွတ်မြောက်

1078

မေလ ၁၅ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင်(ခလယ်လွီထူး) ကျောက်ကြီးမြို့နယ်ရှိ ကျေး ရွာများတွင် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်က မေလ ၁၄ ရက်နေ့တွင် နတ်သံ ကွင်းကျေးရွာအုပ်၊ ရေတွင်းကုန်းကြီးကျေးရွာနေ ကေအဲန်ယူ ဒုဥက္ကဋ္ဌ ပဒိုဆဲဂေ၏ ညီနှင့်တူတို့ ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ယခု ပြန်လည်လွတ်မြောက်လာပြီဟု သိရသည်။

စစ်ကြောင်းထိုးဝင်ရောက်လာသည့် အဆိုပါ စစ်ကောင်စီတပ်များသည် ရေတွင်းကုန်းကြီးရွာတွင် နေထိုင်ကြသည့် ပဒိုစောဆဲဂေ၏ ညီအရင်း စောသာဂေနှင့် သားဖြစ်သူ စောပန်းချိုတို့အား ယမန်နေ့ ညနေ ၅ နာရီအချိန် စစ်ကောင်စီတို့က ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီး ထိုနေ့ ညပိုင်း အချိန်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု ကျောက်ကြီး ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “စစ်ကြောင်းတွေရွာထဲဝင်လာတော့ သူတို့သားအဖနှစ်ဦးကို နေအိမ်မှာပဲ ဖမ်းဆီးခေါ်သွားတယ်။ ညနေပိုင်းရောက်တော့ လမ်းတစ်ဝက်လောက်မှာ ပြန်လွှတ်ပေးလိုက်တယ်။ သူတို့လာတော့ ရွာသားတွေ လည်းကြောက်လို့ ထွက်ပြေးကြတာပေါ့။ လက်နက်ကြီးတွေလည်း နေ့တိုင်းလှမ်းထုတယ်” ဟု ယနေ့ မေလ ၁၅ ရက်တွင် ကေအိုင်စီသို့ပြောသည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခြေမြန်တပ်ရင်းအမှတ် ခမရ ၆ဝ၊ ၃၅၁၊ ၄၃၉ နှင့် အခြား ပူးပေါင်းတပ်ဖွဲ့တို့သည် KNU အုပ်ချုပ်ရေးနယ်မြေများဖြစ်သည့် ကျောက်ကြီးမြို့နယ် ကျေးရွာများထဲသို့ လက်နက်ကြီးများဖြင့် နေ့စဉ်လိုလို လှမ်းပစ်ခတ်မှုလုပ်ဆောင်သောကြောင့် ဒေသခံ ရွာသားအများ အပြားလည်း အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၁ဝ ရက်နေ့တွင်လည်း ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ် ညောင်ပင်သာရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်က ရွာရှိကလေးငယ် ၄ ဦး၊ အမျိုးသမီး ၁၁ ဦးနှင့် အခြားဒေသခံ စုစုပေါင်း ၂ဝ ဦးအား ဖမ်းဆီးပြီးအစုလိုက်ပြုံလိုက် မီးရှို့သတ်ဖြတ်မှု လုပ်ဆောင်ခဲ့ သေးသည်ဟု KNUနှင့် အရပ်ဖက်ကရင်အဖွဲ့အစည်းများက သတင်းထုတ်ပြန်ထားသည်။