Home သတင်း တောင်ငူတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှုနှင့် လူထိခိုက် ဒဏ်ရာရမှုများရှိနေ

တောင်ငူတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှုနှင့် လူထိခိုက် ဒဏ်ရာရမှုများရှိနေ

952
Photo: CJ

မေလ ၁၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့မြောက်ဘက်ရှိ နတ်စင်ကုန်းမြို့သစ် ငါးဖယ်အင်းကျေးရွာတွင် ယမန်နေ့ မေလ(၁၄)ရက်နေ့က မိုခါအမည်ရှိ ဆိုင်က လုန်းမုန်တိုင်းအဖျားခတ်မှုကြောင့် မိုးသက်လေပြင်းတိုက်ခတ်သဖြင့် လူနေအိမ် ခြေ(၃၀)ခန့်ထိခိုက်ပျက်စီးပြီး ဒေသခံ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များမှ သိရသည်။

အဆိုပါထိခိုက်ပျက်စီးသွားသော နေအိမ်များရှိ ဒေသခံ(၆၀)ဦးခန့်အား ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များမှ နီးစပ်ရာ ဘုရားသုံးဆူဘုန်းကြီးကျောင်းသို့ ပို့ဆောင် ထားရပြီး ထိခိုက်ဒဏ်ရာရရှိသွားသူများအား တောင်ငူဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်လိုက်ရကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။

“အဓိကပျက်စီးတာတော့ (၅)အိမ်ပါ ကျန်တဲ့အိမ်တွေက သွပ်အမိုးလန်တာတို့၊ ဘာတို့ ပေါ့။ ဝါးတဲလေးတွေလည်း ထိခိုက်ပျက်စီးတဲ့အထဲမှာပါတယ်။ ဆေးရုံပို့လိုက်ရတဲ့ ဒဏ်ရာရသူ ငါးယောက်မှာလေးယောက်က အခြေအနေကောင်းတဲ့အတွက် ကယ်ဆယ်ရေးနေရာကိုပြန်လာပြီ။ တစ်ယောက်ပဲ ဆေးကုဖို့ကျန်နေခဲ့တယ်။” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

လက်ရှိ ဘုန်းကြီးကျောင်းတွင် ယာယီနေထိုင်လျက်ရှိသော အဆိုပါ လေဘေး သင့်ပြည်သူများတွင် အမျိုးသမီးနှင့်သက်ကြီးရွယ်အိုများအပြင် လေဖြန်းလူနာများ လည်းပါဝင်ပြီး သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူများမှ လိုအပ်သော အကူအညီများ ပေးရန် စီစဥ်နေကြောင်း ဒေသခံများက ပြောသည်။

တောင်ငူမြို့ခံတစ်ဦးက “လောလောဆယ် အခုလက်ရှိအထိ မိုးကရွာလိုက်ရပ်လိုက် လေနည်းနည်းတိုက်လိုက်ပေါ့။ သစ်ပင်တွေကျိုးကျတာတွေလည်း ရှိတယ်။” ဟု မြို့တွင်းအခြေအနေနှင့်ပတ်သက်ပြီး ပြောဆိုသည်။

Photo: CJ

ထို့အပြင် နတ်စင်ကုန်းမြို့သစ် ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ အထက ကျောင်းရှေ့ တွင်လည်း သစ်ပင်သစ်ကိုင်းများကျိုးကျ၍ လူနေအိမ်နှင့်ဆိုင်ခန်းအချို့ ထိခိုက်ပျက်စီး မှုများရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် အဆိုပါဆိုင်ကလုန်းမုန်တိုင်း ကြောင့် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းအများစုတွင် မိုးကြီးရေလျှံပြီး လေပြင်းများ တိုက်ခတ်၍ ဖုန်းလိုင်းများပြတ်တောက်ခြင်း၊ နေအိမ်ထိခိုက်ပျက်စီးခြင်းနှင့် ပြည်သူ အချို့ ထိခိုက်ဒဏ်ရာရရှိခြင်းများရှိခဲ့သည်ဟု ဒေသတွင်း သတင်းထုတ်ပြန် ချက်များအရ သိရသည်။

မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မေလ ၁၅ရက်နေ့ ထုတ်ပြန် ချက်အရ မုန်တိုင်းသည် တရုတ်-မြန်မာနယ်စပ်သို့ရောက်ရှိ၍ မုန်တိုင်းငယ်အဖြစ်မှ ဆက်လက် ရွေ့လျားပြီး လေဖိအားနည်းရပ်ဝန်းသို့ အားလျော့နည်းသွားပြီဖြစ်ကြောင်း သိရသည်။