Home သတင်း မြိတ်−တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးကို ဖြတ်သန်းသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတိပေး

မြိတ်−တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးကို ဖြတ်သန်းသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတိပေး

863
Photo: CJ

မေလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်း၊ မြိတ်−တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးကို ပြည်သူများအနေဖြင့်မေလ(၁၂)ရက်နေ့ စ၍ နံနက် ၅ နာရီမှ ည ၈ နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုကြရန် မြိတ်ပြည်သူ့ကာကွယ်ရေး အဖွဲ့က ယနေ့မေလ ၁၁ရက်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။

အဆိုပါ လမ်းမကြီးတွင် စစ်ကောင်စီတပ်ဖွဲ့များက အရပ်သားကားများကို အသုံးပြု၍ ရိက္ခာတင်လျက်ရှိပြီး ကုန်တင်ကားများကိုလည်း အကာအကွယ်ယူကာ ယာဉ်သွားလာမှုများ ပြုလုပ်နေသောကြောင့် ၎င်းလမ်းပိုင်းကို ပိတ်ပင်တားမြစ်ရခြင်းဖြစ်ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ယခုလို ပြောသည်။

“စကစဘက်ကနေပြီး အရပ်သားကားတွေကို အသုံးပြုပြီး ရိက္ခာတင်ပို့နေတာရှိသလို ခရီးသည် တင်ကား၊ ကုန်ကားကိုကာဗာယူပြီး ယာဉ်တန်းတက်လာတာလည်း ရှိပါတယ်။ ဒါကြောင့်ပြည်သူများကို သတိပေး ထုတ်ပြန်ခြင်းဖြစ်ပါတယ်”ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

အဆိုပါ မြိတ်−တနင်္သာရီလမ်းမကြီးတွင် မြိတ်ခရိုင်တပ်ရင်း(၂)၊ တနင်္သာရီစစ်ဒေသခွဲ−ကွပ်ကဲရေးအဖွဲ့၊ မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ရေးလှုပ်ရှားနေလျက်ရှိသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြည်ထောင်စုလမ်းမကြီးကို ဖြတ်သန်းသွားလာခြင်းမပြုရန် သတိပေးတားမြစ်ထားခြင်းအပေါ် ပြည်သူများအနေဖြင့် လိုက်နာခြင်းမရှိပါက ထိခိုက်ပျက်စီးမှုများကို ပြည်သူ့ ကာကွယ်ရေးအဖွဲ့ဘက်က တာဝန်ယူမည်မဟုတ်ကြောင်းလည်း မြိတ်−ပကဖအဖွဲ့က ဆက်လက် ပြောဆိုထားသည်။

ထို့အတူ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ဆင်ရေးများ ဖော်ဆောင်ရာတွင် ပြည်သူများ ထိခိုက်မှုမရှိအောင် စစ်ကောင်စီတပ်၏ ယာဉ်တန်းနှင့် ဝေးသည့်နေရာမှ သွားလာကြရန်လည်း မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

၎င်းက“ပြည်သူ့ကို ပြောချင်တာက ကျနော်တို့အနေနဲ့ မစ်ရှင်တစ်ခုလုပ်တဲ့အခါမှာ အရပ်သားပြည်သူထိခိုက်မှု မရှိအောင်နှင့် စကစယာဉ်တန်းနဲ့ ခပ်ကွာကွာလိုက်ပေးပါဖို့လည်း အသိပေးလိုပါတယ်”ဟု ပြောသည်။

မြိတ်−တနင်္သာရီလမ်းမကြီးပေါ်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် အနီးအနားရှိ ကျေးရွာမှ ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း ဒေသခံများထံမှ သိရသည်။