မေလ ၁၁ ရက်၊၂၀၁၃ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ ပလမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ စစ်တပ်နှင့် ပူးပေါင်း၍ လူဦးရေစစ်ဆေးခြင်းနှင့်အိမ်ထောင်စုစာရင်းမိတ္တူများကို သိမ်းဆည်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းကာ ယခုမေလဆန်းပိုင်းမှ စတင်ကာ အိမ်ထောင်စုစာရင်းနှင့်လူဦးရေတိုက်စစ်ခြင်း သန်းခေါင်စာရင်း မိတ္တူများကို သိမ်းဆည်းခြင်းများ လုပ်ဆောင် လာသောကြာင့် ဒေသခံများအနေဖြင့် စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိကြောင်းပလမြို့ခံ တစ်ဦးက ယခုလို ပြောသည်။
ပလမြို့ခံတစ်ဦးက “တရားဝင်လိုက်ကြေညာထားတာမရှိဘူး။ တစ်ဆင့် စကားတစ်ဆင့်နဲ့ပဲ။ ရဲစခန်းကိုပေးသူကပေး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်ကို ပေးသူကပေးရနဲ့။ အရင်ကတော့ အဲ့လိုတွေလုပ်တာမျိုးမရှိဘူး။ စစ်တာက စစ်တယ်ဆိုပေမဲ့ အခုက မိတ္တူတွေပါ တောင်းတာလေ။ အဲ့လိုမပေးပြန်ရင်လည်း သူတို့က ဘာလုပ်မလည်းမသိတော့ ကြောက်ရတာပေါ့။” ဟု ကေအိုင်စီသို့ ပြောသည်။
ထိုသို့သန်းခေါင်စာရင်းမိတ္တူများကို သိမ်းယူသွားသည့်အပြင် စစ်ဆေးမေးမြန်းမှုများကိုပါ တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေကြောင်း ပလမြို့ခံများက ဆိုသည်။
“အိမ်တိုင်းပေးနေရတယ်။ ရွာအထဲဘက်ကလည်း ပေးပြီးပြီ။ ကျမတို့ အလည်ပိုင်းမှာလည်း ပေးပြီးပြီ။ ကျမတို့မှာက တူလေးတွေက အိမ်မှာမရှိတော့ဘူးဆိုတော့ မိသားစု ၃ ယောက်ပဲရှိတယ်လေ။ တူတွေနဲ့ဆို ၅ ယောက်ပေါ့။ သန်းခေါင်စာရင်းစစ်တာက တစ်ပိုင်းနဲ့တစ်ပိုင်းမတူဘူး။ သူတို့မေးတာက ဒီမှာ လူဦးရေ ဘယ်နယောက်ရှိလဲ၊ ယောကျ်ားက ဘယ်သွားလဲ၊ ဘာအလုပ်လုပ်လဲ၊ နိုင်ငံခြားသွားရင် နိုင်ငံခြားသွားတယ်ပေါ့၊ ဘာအလုပ်လုပ်လဲ၊ ပိုက်ဆံဘယ်လောက်ပို့လဲ၊ အဲ့လိုမျိုးပြောတယ်။ “ဟု နောက်ထပ်ပလမြို့ခံတစ်ဦးက ပြောသည်။
ပလမြို့နယ်တွင် ယခုလိုအိမ်ထောင်စုစာရင်းမိတ္တူကောက်ခံသိမ်းယူခြင်းသည် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်းလည်း ပလမြို့ခံများက ပြောပြချက်အရ သိရသည်။
အလားတူ ပလမြို့နှင့်ပလောက်မြို့တွင် ဆန်ဝယ်ယူရာတွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါမှသာဆန်ဝယ်ယူခွင့်ရှိခြင်းကြောင့် ဒေသခံများအနေဖြင့် ဆန်အလုံအလောက်မရရှိသည့်အခက်အခဲများနှင့်ကြုံတွေ့နေရကြောင်းလည်း ဒေသခံများက ဆိုသည်။



















