မေလ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီက အကျဥ်းထောင်များမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နှင့် အကျဥ်းကျခံနေရသူ ၊ အချုပ် ကျခံနေရသူ အကျဥ်းသား ၂,၁၅၃ ဦးကို ကဆုန်လပြည့်နေ့ အထိမ်းအမှတ်ဟုဆိုကာ လွတ်ငြိမ်းသက် သာခွင့်ပေးရာတွင် ကရင်ပြည်နယ် ဖားအံမြို့ တောင်ကလေး အကျဥ်းထောင်မှ အကျဥ်းသား/သူ ၉ ဦး ပါဝင် လွတ်မြောက်ကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်းရှိ တောင်ကလေး အကျဥ်းထောင်၊ ဘဝသစ်ကျောက်ထုတ် အကျဥ်းစခန်း၊ လက္ခဏစိုက်ပျိုးရေး အကျဥ်းစခန်းတို့မှ ကဆုန်လပြည့်လွတ်ငြိမ်းသက်သာခွင့်ပြု အကျဥ်းသားစာရင်း အား ပြည်နယ်စစ်ကောင်စီမှ ထုတ်ပြန်ချက်စာရင်း မသိရသေးသော်လည်း ပြန်လည်လွတ်မြောက် လာ သည့် အကျဥ်းသားများအား သွားရောက် ကြိုဆိုသည့်အကျဥ်းသား မိခင်တစ်ဦးက ၅၀၅ (က) ပုဒ်မဖြင့် လွတ်ရက်စေ့ နေသူကို လွတ်ငြိမ်းခေါင်းစဥ်ဖြင့် လွှတ်ခြင်းသာဖြစ်ကြောင်း ပြောသည်။
“တောင်ကလေးက မနေ့က နိုင်ငံရေးပုဒ်မ ၅၀၅( က)နဲ့က ၉ ယောက်ပဲလွတ်တယ် ။ ကျား ၇ ယောက် မ ၂ ယောက်ပဲ လွတ်တယ်။ ကျုံဒိုး ၂ ယောက်၊ ကော့ကရိတ် ၁ ယောက် ပါတယ် ။ လွတ်ရက်စေ့ခါနီးရယ်၊ လွတ်ရက်ရက်ကျော် နေတာရယ်ကို ပေါင်းစုထားပြီး၊ တခြားပြစ်မှုအကျဥ်းသားတွေနဲ့ ရောလွတ်တာ မျိုး ပါပဲ။ နေ့ကြီးရက်ကြီး လွတ်ငြိမ်းချမ်းသာခွင့် ခေါင်းစဥ်မျိုးလုပ်ပြီး လွတ်ငြိမ်းပေးပေမယ့် နောက် တစ် ကြိမ် ပြစ်မှုဖြစ်ရင် လက်ကျန်ပြစ်မှုပြစ်ဒဏ်တွေ ထပ်ပေါင်းကျခံရမယ်ဆိုတာကြီးပါနေတယ်” ဟု ဖားအံမြို့ခံ နိုင်ငံရေးအကျဥ်းသား မိခင်တစ်ဦးက ပြောသည်။
ကရင်ပြည်နယ် အကျဥ်းထောင်နှင့် အကျဥ်းစခန်းများတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည် နယ်အတွင်း စစ်အာဏာသိမ်းဖြစ်စဥ်အား ဆန့်ကျင်ကြသည့် ဒေသခံများအား မတရားဖမ်းဆီးထောင်ချ ခံထားရသည့် CDM ဆရာ/မ နှင့် ဝန်ထမ်းများ၊ ဒေသခံများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ၊ တော်လှန် ရေးလုပ်ဆောင်သည့် လူငယ်များဖမ်းဆီးထောင်ကျခံနေရသူ တစ်ရာကျော် ကျန်ရှိနေသေးကြောင်း ပြည်နယ်အတွင်း တရားရေးဆိုင်ရာကိစ္စများအား ကူညီပေးနေသည့် ရှေ့နေများ ပြောစကား အရ သိရ သည်။
၂၀၂၁ ခုနှစ်၊ အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်နေ့ထိ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ် ရှားမှုများနှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၁၈၅၀) ဦးရှိပြီး ထိုအထဲမှ (၁၇၈၄၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၅၈၁၈) ဦးမှာ ထောင်ဒဏ်ချ မှတ်ခြင်းခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က မေလ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။



















