Home သတင်း နေရာထိုင်ခင်းနှင့် အစားအသောက်အခက်အခဲကြောင့် မဲကနယ် စစ်ရှောင်တချို့နေရပ်ပြန်နေ

နေရာထိုင်ခင်းနှင့် အစားအသောက်အခက်အခဲကြောင့် မဲကနယ် စစ်ရှောင်တချို့နေရပ်ပြန်နေ

1137
Photo: CJ

မေလ ၄ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ မဲကနယ်ကျေးရွာတွင် နှစ်ဖက်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်း ရှောင်နေရသည့် မဲကနယ် စစ်ရှောင်ပြည်သူများအနေဖြင့် နေရာထိုင်ခင်းနှင့် အစားအသောက်အခက် အခဲရှိလာသောကြောင့် စစ်ရှောင်တချို့ နေရပ်ပြန်လာနေထိုင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

မဲကနယ်ဒေသထဲတွင် ယခုရက်ပိုင်းတွင် တိုက်ပွဲငြိမ်လာပြီးဖြစ်ကာ တည်ငြိမ်သည့်အနေအထား မရှိသေး သော်လည်း စစ်ရှောင်နေရသည့် ပြည်သူများအနေဖြင့် စစ်ရှောင်ကာလ ကြာမြင့်လာသည်နှင့်အမျှ အခက်အခဲရှိလာသည့်အတွက် နေရပ်ပြန်နေထိုင်ရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ကျမအမေတွေက အခုရွာပြန်နေပြီး။ ဒါပေမယ့် အခြေအနေကောင်းလို့ ပြန်နေတာမဟုတ်ဘူး။ ဒီလိုပဲ အခြေအနေကြည့်နားစွင့်ရင်း ပြန်နေရတယ်။ ပစ်သံကြားရင်တော့ ပြန်ထပြေးပေါ့။ အကုန် လုံးပြန်နေတာမဟုတ်ဘူး။ ဟိုလိုက်နေ၊ ဒီလိုက်နေရှိသေးတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် မဲကနယ်ကျေးရွာအပါအဝင် အနီးအနားကျေးရွာရှိ စစ်ရှောင်များသည်လည်း သေ့ဘောဘိုး စစ်ရှောင်စခန်းတွင် သွားရောက်စစ်ရှောင်နေရကာ စားနပ်ရိက္ခာနှင့် သောက်သုံး ရေမလုံလောက်သည့်အပြင် လူဦးရေများပြီး ယင်လုံအိမ်သာ မလုံလောက်သည့်အခက်အခဲများလည်း ကြုံတွေ့နေရကြောင်း သိရသည်။

နောက်ထပ်စစ်ရှောင်တစ်ဦးကလည်း “သေ့ဘောဘိုးရွာထဲကိုရှောင်နေရတယ်။ ပြေးလာတာ အဝတ်အစားလည်းမပါ လာဘူး။ လူများပြီး အိမ်သာက ၃ လုံးပဲရှိတဲ့အခါကျတော့မလောက်ဘူး။ လူများတော့ အဆင်မပြေဘူး”ဟု ကေအိုင်စီ သို့ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၅ရက်နေ့မှစတင်၍ နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ကြား မဲကနယ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံ များ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်သည်။

မဲကနယ်ဒေသနှင့်ရသေ့ဂူတို့မှ စစ်ရှောင်လာသည့် အိမ်ထောင်စု ၆၀ ကျော်နှင့် လူဦးရေ ၃၀၀ ကျော်ခန့်ရှိ နေပြီး စစ်ရှောင်စခန်းထဲတွင် အိမ်သာများပြန်လည်ဆောက်လုပ်ပေးနေကြောင်း စစ်ရှောင်ကူညီ နေသူအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မဲကနယ်နဲ့ရသေ့ဂူက အိမ်ထောင်စု ၆၀ ကျော်၊ လူဦးရေက ၃၀၀ ကျော်ရှိတယ်။ အခုက အိမ်သာတွေ ပြန်ဆောက်နေပြီး။ သေ့ဘောဘိုးရွာထဲမှာ ကျောင်းဆောက်ရင်လုံခြုံမှုမရှိဘူး။ အဲ့ကြောင့် စစ်ရှောင် စခန်းမှာ စာသင်နိုင်အောင် လုပ်မယ်။ အစားအသောက်တွေကတော့ အခုချိန်မှာ အကူအညီတွေက လိုအပ်တာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အတူ မဲကနယ် ကျေးရွာဘက်တွင် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ မဲကနယ်ဒေသရှိ အနီးအနား ကျေးရွာများအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်မှုကြောင့် ဒေသခံ ပြည်သူများ၏ နေအိမ်များ ထိခိုက်ပျက်စီးမှုများလည်း ရှိကြောင်း ဒေသခံများထံမှ သိရသည်။