Home သတင်း ညမထွက်ရန် စစ်တပ်၏ ခေါ်ယူသတိပေးမှုကြောင့် စျေးသည်များ အခက်ကြုံ

ညမထွက်ရန် စစ်တပ်၏ ခေါ်ယူသတိပေးမှုကြောင့် စျေးသည်များ အခက်ကြုံ

846
Photo: CJ

မေလ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် စစ်ကောင်စီက ညမထွက်ရန် ဒေသခံများကို ခေါ်ယူ သတိ ပေးမှုကြောင့် နေ့စဉ်ဈေးရောင်းအသက်မွေးဝမ်းကျောင်းပြုနေရသည့် ဒေသခံစျေးသည်များ စျေးထွက်ရန် အခက်တွေ့နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ၂၈ရက်နေ့တွင် စစ်ကောင်စီတပ်က ပုလောမြို့တော်ခန်းမ၌ ဒေသခံများကို အစည်း အဝေးတစ်ရပ် ခေါ်ယူတွေ့ဆုံခဲ့ပြီး ညအချိန်အပြင်ထွက်ခြင်းများ ပြုလုပ်ပါက ပစ်ခတ်ဖမ်းဆီးခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း သတိပေးပြောဆိုခဲ့ခြင်းကြောင့် ဈေးသည်များအနေဖြင့်ဈေးမထွက်ရသည့် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ဈေးသည်တစ်ဦးက ယခုလိုပြောသည်။

“အရင်ကတော့ နားလည်မှုနဲ့ မနက်အစောပိုင်းတွေ ဈေးထွက်လို့ရတာ ပေါ့။ ပြီးတော့မှ စစ်သားတွေက စည်းဝေးခေါ်ပြီးပြောတယ်။ ပြီးတော့ မြို့ထဲမှာကားနဲ့လိုက်ပြောတယ်။ အဲ့ဒါကြောင့် ဈေးမ ထွက်ရဲတော့ဘူး။ ပစ်ခံထိမှာကြောက်တယ်။ ဈေးထွက်ဖို့ အတွက်ခက်ခဲတာပေါ့။ ”ဟု အမည်မဖော်လိုသူ ဈေးသည် ကေအိုင်စီသို့ပြောသည်။

ထိုသို့ ညမထွက်ရန် ခေါ်ယူ သတိပေး ပြောဆိုမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် စျေးထွက်ရန် ညဘက် ပြင်ဆင် ဝယ်ယူရသည့် စျေးသည်များအနေဖြင့် စျေးထွက်ရန် မပြင်ဆင်နိုင်ကြဘဲ မိုးမလင်းခင် နံနက်အစောပိုင်း စျေးထွက်သူများအနေဖြင့် အခက်အခဲ ကြုံနေရခြင်းလည်း ဖြစ်သည်။

ပုလောမြို့နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြား မကြာခဏ ထိတွေ့တိုက်ပွဲများဖြစ်ပေါ်နေ၍ မြို့တွင်းမြို့ပြင် ဂိတ်ချစစ်ဆေးမှုများ လုပ်ဆောင် လျက်ရှိနေသည်။ ယခုနောက်ပိုင်းတွင် လုံခြုံရေးအကြောင်းပြချက်များဖြင့် ညအချိန် လမ်းဆုံ လမ်းဂွများတွင် ကင်းပုန်းချ နေရာယူမှုများ လုပ်ဆောင်လာသောကြောင့် ဒေသခံများ အနေဖြင့် အသက်အန္တရာယ် မလုံခြုံမှုကို ခံစားနေကြ ရကြောင်းလည်း ဆိုသည်။

ပုလောမြို့ခံတစ်ဦးက “အရင်ကဆို သူတို့တွေက ဂိတ်တွေမှာစောင့်တာများတယ်။ ကားတွေနဲ့ ပတ်တယ်။ အဲ့လိုတွေလမ်းဂွတွေမှာပါစောင့်နေတော့ ဘယ်အချိန်လာစစ်မလဲ အဲ့ဒါကိုကြောက် နေရတယ်။ နေ့ဘက်စောင့်တာက ပြဿနာမရှိဘူးလေ၊ ကိုယ်ကတွေ့နေရတာကို။ အခုက ညဘက် ဆိုတော့ သူတို့ကလုပ်ချင်တိုင်း လုပ်နေတာဆိုတော့။ ”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ပုလောမြို့နယ်တွင် အာဏာသိမ်း စစ်ကောင် စီတပ်နှင့် ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များကြား မကြာခဏဆိုသလို ထိတွေ့ တိုက်ပွဲများ ဖြစ်ပေါ်လျက်ရှိနေပြီး အာဏာသိမ်းစစ်ကောင်စီဘက်က ဖြတ်လေးဖြတ်ပုံစံ ဖြတ်တောက်မှုများ ဆက်တိုက်လုပ်ဆောင်လာနေကြောင်းလည်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များဘက်က ပြောသည်။