မေလ ၁၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့၊ လက်ခတ်တောင်နှင့် ကျောက်မိုင်းဒေသတို့တွင် ပြီးခဲ့သည့် မေလ(၁၁) ရက်မှ (၁၃)ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ကော်ဘရာ စစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်(၈)ဦးသေဆုံးကြောင်း ကော်ဘရာစစ်ကြောင်းက ယမန်နေ့ မေလ(၁၄) ရက် နေ့တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ပွဲများအား စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ(၁၁၈)၊ လ(၈)၊ ခြေလျင်တပ်ရင်း ခလရ(၂၇၅)နှင့် BGF တပ်ရင်း(၁၀၁၉)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး မေလ (၁၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှထိခိုက်ကျဆုံးစာရင်းကို မသိရှိရသေးသည်မှလွဲ၍ မေလ(၁၂)ရက်နှင့်(၁၃)ရက်နေ့က တိုက်ပွဲများတွင် စုစုပေါင်း စစ်ကောင်စီတပ်ဖွဲ့ဝင်(၈)ဦးသေဆုံးသည့်အပြင် (၂၇)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် မေလ(၁၁)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားစဥ် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးများမှာ သလုဖိုးခီးရွာတွင် ကျရောက်ပေါက်ကွဲခဲ့သော်လည်း ဒေသခံထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း ကော်ဘရာစစ်ကြောင်းမှူး စောကော်က ယခုလိုပြောသည်။
“လက်နက်ကြီးကျတဲ့နေရာက ဒေသခံတွေတော့ထိခိုက်တာမရှိပါဘူး။ လောလောဆယ် ကျနော်တို့ဆီမှာ စစ်ရေးအခြေအနေက တင်းမာနေတုန်းပါပဲ။ (၃)ရက်တာ တိုက်ပွဲအကုန်လုံး စစ်ကောင်စီဘက်က စတင်တိုက်ခိုက်လာတာပါ။” ဟု ကော်ဘရာစစ်ကြောင်းမှူးက ကေအိုင်စီသို့ ပြောသည်။
ထို့အတူ မေလ(၁၂)ရက်နေ့တွင် စစ်ကောင်စီတပ်က ပူးပေါင်းတပ်များလုံခြုံရေးယူ ထားသည့် နေရာအား စစ်ကြောင်းထိုးဝင်ရောက်မှုနှင့် မေလ(၁၃)ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းများကြောင့် ပူးပေါင်းတပ်ဖွဲ့ဝင် (၁)ဦးသေဆုံးပြီး (၁၀)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာမရှိကြောင်း ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ထို (၃)ရက်ဆက်တိုက်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် KNLA နှင့်ကော်ဘရာစစ်ကြောင်းအပြင် ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle တို့လည်း ပူးပေါင်းပါဝင်ခဲ့ကြကြောင်း ကော်ဘရာထုတ်ပြန်ချက်တွင် ဆိုထားသည်။
အလားတူ မြဝတီမြို့အနောက်မြောက်ဘက်ရှိ ကျောက်ဂူတောင်ဘုရားကုန်းသို့ မေလ(၁၂) ရက်နေ့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်နေသလို စစ်ကောင်စီ နှင့်BGF ပူးပေါင်းတပ်ဖွဲ့များက မြေပြင်မှ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် နယ်မြေခံ KNLA ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း ဒေသတွင်းသတင်း အရင်းအမြစ်များမှ သိရသည်။



















