Home သတင်း ပိုင်ကျုံရှိ ကလေးသူငယ်များအတွက် (NFE) သင်တန်းကျောင်း ဖွင့်လှစ်ပေး

ပိုင်ကျုံရှိ ကလေးသူငယ်များအတွက် (NFE) သင်တန်းကျောင်း ဖွင့်လှစ်ပေး

734

မေလ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ် ကျေးနယ်ဒေသရှိ ကျောင်းနေမပျော်သော ကလေးများအား ကျောင်းနေ ပျော်ပြီး အတန်းကျောင်းပြန်တက်နိုင်ရန် ရည်ရွယ်၍ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန -KECD က ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့တွင် Non-formal Education(NFE) သင်တန်းကျောင်း ဖွင့်လှစ်ပေးခဲ့ သည်ဟု သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လည်းကောင်း၊ စစ်ကောင်စီ အာဏာသိမ်းမှုကြောင့်လည်းကောင်း အတန်းပညာနှင့် ဝေးကွာနေသော ကျေးနယ်ဒေသရှိ ကလေးလူငယ်များအတွက် အခုလို သင်တန်း ကျောင်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ဟု သင်တန်းတာဝန်ရှိသူအထံမှ သိရသည်။

သင်တန်းဆရာမ တစ်ဦးက ” ဒီသင်တန်းက ကျောင်းထားဖို့ မတတ်နိုင်တဲ့ကလေးတွေရယ် ၊ ကျောင်း မနေချင်တဲ့ ကလေးတွေကို ကျောင်းနေပျော်အောင် အဓိက ထားတယ်။ ဒါမှ နောက်လူငယ် မျိုးဆက် တွေအတွက် နိုင်ရာတာဝန်ယူနိုင်မှာ ဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

Non-Formal Education(NFE) သင်တန်းကျောင်းသည် နွေရာသီကျောင်းပိတ်ရက်တွင် ဖွင့်လှစ်ခြင်း ဖြစ်၍ မိမိကလေးများကို စိုးရိမ်ပူပန်စရာမလိုဘဲ စိတ်ချစွာသင်တန်းကျောင်းကို ပို့ထားပြီး အိမ်အ လုပ်များကို လုပ်ကိုင်နိုင်သည်ဟု ကျောင်သားမိဘများက ပြောသည်။

ကျောင်းသားမီဘ တစ်ဦးက “ကျောင်းပိတ်ရက်မှာ ကလေးတွေကို အဲလိုသင်တန်းကျောင်း ဖွင့်လှစ်တာ ကောင်းတယ်။ ကျမတို့ အလုပ်အေးဆေးလုပ်လို့ရတယ် နောက်ပြီးတော့ သူတို့ကို စိတ်ပူစရာမလိုတော့”ဟု ‌ပြောသည်။

အလားတူကဲ့သို့ ဖားအံခရိုင်တွင် ယခုနှစ်နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ဒေသခံတာဝန်ရှိသူများက လူငယ်များကို အသက်မွေးဝမ်းကျောင်းပြုသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းများ ဖွင့်လှစ်‌ပေးကြသည်။

ပိုင်ကျုံမြို့နယ်တွင် Non-Formal Education(NFE) သင်တန်းကျောင်း ဖွင့်လှစ်လာသည်မှာ (၅ )နှစ် ရှိလာပြီဖြစ်ပြီး ယခုနှစ်တွင် အသက် (၅) နှစ်မှ (၁၃) နှစ်အရွယ် ကလေး (၅၂) ဦးတက်ရောက် ပညာသင်ယူခဲ့ကြသည်ဟု သိရသည်။