မေလ ၁၇ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့သို့သွားသည့် ဖားအံ-ဒေါ်လန်းလမ်းမကြီးပေါ်တွင် သွားလာနေသည့် ဒေသခံများကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် -BGF တပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းမှုများ ပိုမိုလုပ်ဆောင်လာသည်ဟု ဒေသခံထံမှ သိရသည်။
ဖားအံ-ဒေါ်လန်း ကြားရှိ နောင်ပလိန်ရွာနှင့် ဗုဒ္ဒဂါယာသို့ သွားသည့် လမ်းဆုံဂိတ်တွင် စစ်ကောင်စီနှင့် BGF တပ်တို့ပူးပေါင်းပြီး လာသမျှ မော်တော်ယာဉ်များကို စစ်ဆေးသည့်အပြင် ခရီးသွားလာသူများ၏ ခရီးဆောင်အိတ်များကိုလည်း ရှာဖွေစစ်ဆေးမေးမြန်းသည့်အထိ လုပ်ဆောင်လာသည်ဟု အစစ်ဆေးခံရသည့် ဒေသခံတစ်ဦးက ပြောသည်။
၎င်း “အိတ်အကုန်ဖွင့်ပြီး စစ်ဆေးတယ်။ အိတ်ထဲမှာ စျေးသွားဝယ်ဖို့ ပိုက်ဆံတွေနည်းနည်းပါတော့ ပိုက်ဆံတွေများတယ် ဘာလုပ်ဖို့လဲ ။ အဲလိုစစ်ဆေးတာတွေရှိတယ်။ စစ်တဲ့အချိန်မှာ စစ်တပ်လည်း ပါတယ်။ BGFတွေက ကားနဲ့လာပြီး စစ်ဆေးတာက ၄ ယောက် ၅ယောက်လောက်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ နေရာတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှသာ စစ်ကောင်စီတပ်ဘက်က စစ်ဆေးရေး ဂိတ်လာရောက်ချထားခြင်းဖြစ်သလို ရံဖန်ရံခါ ကင်းပုန်းဝပ် လုံခြုံရေးယူထားမှုများလည်းတွေ့ရှိရ သည်ဟု ဒေသခံများက ပြောသည်။
“ အဲဒီမှာလာပြီးစစ်တဲ့ BGFအဖွဲ့က ဘယ်အဖွဲ့လဲတော့မသိဘူး။ အရင်တုန်းက အရမ်းမစစ်ဘူး ။ အခုမှ ဘာလို့ ပြန်စစ်လာလဲတော့မသိဘူး။ အခုက လူထုတွေက မြို့ထဲကို စျေးသွားဝယ်ရင် လိုင်စင်မဲ့ ကားတွေ ဆိုင်ကယ်တွေ လိုက်ဖမ်းတော့ ကြည့်ပြီးသွားနေရတဲ့အကြားထဲ BGFကပါ မြို့ပြင်ရွာမှာ စစ်ဆေးမှုတွေ လုပ်တော့မဟုတ်ဘူးလေ။ စစ်ရင်မြို့ဝင်ဂိတ်မှာစစ်ပေါ့”ဟု အနီးအနားရွာတွင် နေထိုင်သည့် ဒေသခံတစ်ဦးက ကေအိုင်စီသို့ပြောသည်။
ထို့အပြင် ကော့ကရိတ်မြို့မြောက်ပိုင်းရှိ ကျေးရွာအချို့တွင် ယခင်က ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့များတွင် အိမ်သုံးပစ္စည်းများ သွားဝယ်ကြသော်လည်း ယခုတလော မြို့အနီးအနားဝန်းကျင်တွင် မကြာခဏ တိုက်ပွဲများဖြစ်ပွားခြင်းနှင့် မြို့အဝင်အထွက်ကိုလည်း စစ်ဆေးမှုများတင်းကြပ်သည့်အတွက် ဒေသခံ အချို့သည် နဘူး-ဒေါလန်း-ဖားအံလမ်းကို အသုံးပြုကာ ဖားအံမြို့ဘက်သို့ ကုန်ပစ္စည်းများ ပြန်ဝယ်ယူကြရသည်ဟု ဒေသခံများက ပြောသည်။
လက်ရှိအချိန်တွင် ဖားအံမြို့ထဲသို့ ဝင်လာသည့် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးစစ်ဆေး အရေးယူမှုများ စတင်လုပ်ဆောင်လာပြီး လိုင်စင်ရှိထားသည့် မော်တော်ကားများကိုလည်း စစ်ကောင်စီက အသစ်ပြန် ထုတ်သည့် ဖောင်းကြွ နံပါတ်ပြားများ ပြောင်းလဲအသုံးပြုခြင်းမရှိပါက ဖားအံမြို့ထဲကို ပေးမဝင်သည့် အတွက် စျေးလာဝယ်သည့် ကျေးလက်နေရွာသားများ အခက်တွေ့နေရကြောင်းလည်း သိရသည်။



















