Home သတင်း ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ တံတားပေါ်တွင် မနေကြရန် BGF တားမြစ်ချက်ထုတ်ပြန်

ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ တံတားပေါ်တွင် မနေကြရန် BGF တားမြစ်ချက်ထုတ်ပြန်

960

မေလ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်အတွင်း မည်သည့် နေရာဒေသရှိ တံတားပေါ်မဆို ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ပြည်သူများမနေကြရန် နယ်ခြားစောင့်တပ်-BGF က ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့စွဲဖြင့် တားမြစ်ချက်စာ ထုတ်ပြန်ထားသည်။

ပိုင်ကျုံမြို့နယ် ထန်းတစ်ပင် အခြေစိုက် အမှတ် (၁၀၁၅) နယ်ခြားစောင့်တပ် (BGF ) တပ်မှူး စောဝင်းလှိုင်စိန်ဆိုသူ လက်မှတ်ထိုးထားသော ၎င်းထုတ်ပြန်စာတွင် ပိုင်ကျုံဒေသ၏ မည်သည့်နေရာမှ တံတားအသေးအကြီးဖြစ်စေ ညနေ ၆ နာရီ မနက် ၆ နာရီအတွင်း တံတားနားမှ နေထိုင်ခြင်းမပြုရန်နှင့် ဒေသခံ ပြည်သူများအားလုံး မသင်္ကာဖွယ် ကြားမြင်သိရှိပါက နီးစပ်ရာတာဝန်ရှိသူများထံသို့ အ ကြောင်းကြားရန် ဖော်ပြထားသည်။

ထိုတားမြစ်ထုတ်ပြန်စာအပေါ် ပိုင်ကျုံ ဒေသခံနော်ဆဲဒေးဖောက “စစ်မဖြစ်ဘဲနဲ့ အဲလိုလုပ်တာက မသင့်တော်ဘူးပေါ့၊ အဲလိုလုပ်တာက လူတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ လူတွေရဲ့ အခွင့်အရေးကို ပိတ်ပင်တာပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် ပြည်သူများ သာယာအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အတူတကွပူး ပေါင်းဆောင် ရွက်ကြရန်နှင့် ပါဝင်လိုက်နာဆောင်ရွက်ခြင်း မရှိသူများကို ပြင်းထန်စွာ အရေးယူမည်ဟုလည်း ၎င်းထုတ်ပြန်စာတွင် ဖော်ပြထားသည်။

“ညဘက်မထွက်ရ အမိန့်တော့ထုတ်တယ်။ ဒါပေမဲ့ လောင်းကစားဝိုင်းမှာတော့ လူတွေစည်ကားတယ် ။ ကျန်းမာရေးအတွက် တံတားပေါ်ကို လမ်းလျှောက်ထွက်တဲ့ ပြည်သူများကိုတော့ ပိတ်ပင်တားဆီး နေတယ်”ဟု အခြားဒေသခံတစ်ဦးကလည်း ပြောသည်။

အလားတူ ကော့ကရိတ်မြို့နယ်ဘက်တွင်လည်း စစ်ကောင်စီက ညမထွက်ရ အမိန့် ထုတ်ပြန် ထားသော်လည်း ကော့ကရိတ်မြို့တံတားဦးဘေးနားရှိ လောင်းကစားရုံ၌ ညစဉ်ညတိုင်း လူစည်ကားလျက်ရှိသည်ဟု မြို့ခံများထံမှ သိရသည်။