မေလ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၃ နယ်မြေတွင် စစ်ကောင်စီတပ် စစ်ကြောင်းများ ဆက်လက်ထိုးလာနေဆဲဖြစ်သည့်အတွက် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ရှောင်များသည် ထပ်မံပြောင်းရွှေ့နေရပြန်သည်ဟု စစ်ရှောင်ကူညီသူထံမှ သိရသည်။
ညောင်လေးပင်ခရိုင် မုန်း၊ ဆောထိနှင့် ကျောက်ကြီးမြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းများ ဆက်လက်ထိုးလာနေဆဲဖြစ်၍ နယ်မြေအတွင်းရှိ တိမ်းရှောင်နေရသည့် ဒေသခံစစ်ရှောင် များသည် အခြားနေရာသို့ ထပ်မံပြောင်းရွှေ့ရသောကြောင့် အခက်အခဲပိုမိုကြုံတွေ့နေရသည်ဟု စစ်ရှောင် ကူညီပေးသည့် ကရင်လူမှုရေးရာအဖွဲ့ဝင်တစ်ဦးက ပြောသည်။
၎င်းက “ အခြေအနေက ဆိုးသထက်ဆိုးလာတယ်။ အခုဆိုရင် စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်က လူနေအိမ်တွေကို မီးရှို့တာမကဘဲ လူတွေကိုပါသတ်ပစ်မီးရှို့တဲ့အထိပါလုပ်လာတယ်ဆိုတော့ အနီးအ နားဝန်းကျင်မှာ ထိုးစစ်ဆင်ဦးတည်လာပြီးဆိုရင် စစ်ရှောင်ပြည်သူတွေက ထပ်ရွှေ့ရတဲ့အခါကျတော့ နေရာအခက်အခဲတွေထပ်ရှိလာတယ်။ အခုဆိုရင်လည်း လေဒဏ်မိုးဒဏ်ဆိုတော့ ပိုအခက်တွေ့ရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါစစ်ရှောင်များအတွက် အမိုးအကာလုံလောက်မှုမရှိသည့်အပြင် စားနပ်ရိက္ခာ အကူအညီများလည်း လိုအပ်လျက်ရှိပြီး ပျမ်းမျှလူဦးရေအယောက် ၁,၀၀၀ လျှင် အယောက်၂၀၀ ဝန်းကျင်ခန့်သာ အကူ အညီရရှိသည်ဟု နယ်မြေခံ ကရင်လူမှုရေးရာအဖွဲ့တာဝန်ရှိသူက ပြောသည်။
ထို့အပြင် လက်ရှိအချိန်အတွင် ရာသီဥတုအပြောင်းအလဲကာလကြားတွင်ရှိသည့်အတွက် ထွက်ပြေး တိမ်း ရှောင်နေရသည့် စစ်ရှောင်များသည် နာမကျန်းဖြစ်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှု အဖြစ် များလာသောကြောင့် ဆေးဝါးအကူအညီလိုအပ်နေကြောင်း အဆိုပါ ကရင်လူမှုရေးရာအဖွဲ့ဝင်ထံမှ သိရသည်။
“စစ်ရှောင်တွေက ကြုံရာနေရာပဲနေရတော့ အမိုးအကာလုံလုံခြုံခြုံမရှိဘူး။ ပြီးတော့ အခုရက်ပိုင်းက ရာသီဥတုက မိုးရွာလိုက်ပူလိုက်ဆိုတော့ အဖျားဖြစ်တဲ့လူတွေများလာတယ်။ ပြီးတော့ ကလေးငယ်တွေကလည်း သောက်သုံး ရေမရတော့ ဝမ်းပျက်ဝမ်းလျှောတွေ ရှိနေတယ်။ ပြီးတော့ စစ်ရှောင်တွေက တစ်နေရာထဲမဟုတ်ဘဲ ဟိုတစ်စုဒီတစ်စုလိုက်နေတယ်ဆိုတော့ ကျန်းမာရေးတာဝန်ရှိသူတွေက အကုန်မရောက်ဘူး။” ဟု ၎င်းကရင်လူမှုရေးရာအဖွဲ့ဝင်က ဆက်ပြောသည်။
စစ်ရှောင်များ ဆေးဝါးကုသနိုင်ရေးအတွက် ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန(KDHW)ဘက်မှ ပြောင်းရွှေ့ဆေးဝါးကုသပေးသည့် Mobile အဖွဲ့ ဖွဲ့စည်းထားခြင်းရှိသလို စစ်ရှောင်ရှိသည့်နေရာများတွင် သွားရောက်ဆေးကုသပေးခြင်းရှိပြီး အချို့သောနေရာများတွင် လုံခြုံရေးအခြေအနေကို ကြည့်ကာ သွားလာနေရသည်ဟု KDHW သင်တန်းတာဝန်ခံ စောဒိုးဒိုအယ်ကလူက ပြောသည်။
၎င်းက “ တပ်မဟာ(၃) ဘက်မှာဆိုရင်လည်း ကျနော်တို့ Mobile အဖွဲ့ ဖွဲ့ထားတာရှိတယ်။ စစ်ရှောင်ရှိတဲ့ နေရာတော်တော်များများတော့ ရောက်တယ်။ ဒါပေမယ့် တချို့နေရာတွေဆိုရင် စစ်ကြောင်းထိုးတဲ့အချိန် လမ်းအခြေအနေမကောင်းရင်တော့ အချိန်စောင့်ပြီး သွားရတဲ့အခါလည်းရှိတယ် ” ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိအချိန်တွင် မိုးဦးစအချိန်ဖြစ်၍ တောထဲတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင် များ အတွက် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါများ သတိထားရမည်ဖြစ်ကြောင်းလည်း စောဒိုးဒိုအယ်ကလူက ဆက်ပြောသည်။
ပြီးခဲ့သည့် မေလ ၁၀ရက်နေ့တွင် ကေအဲန်ယူ ညောင်လေးပင်ခရိုင်(တပ်မဟာ ၃)၊ မုန်းမြို့နယ်၊ ညောင်ပင်သာ ရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်က ရွာရှိ ကလေးငယ်များအပါအဝင် အရပ်သား ၂၀ ဦးအား အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့သလို မေလ ၉ ရက်နေ့တွင်လည်း ကျောက်ကြီးမြို့နယ်၊ လယ်ဝိုင်း ကြီးကျေးရွာရှိ လူနေအိမ်အားလုံးနီးပါးကို မီးရှို့ဖျက်ဆီးမှုလုပ်ဆောင်ခဲ့သည်ဟု ဒေသခံရွာသားများထံမှ သိရသည်။
ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင်တွင် စစ်တပ်အာဏာသိမ်းယူချိန်မှစ၍ ယခု ၂၀၂၃ ခုနှစ်၊ မေလအထိ စစ်ဘေး ရှောင်ဦးရေ တစ်သိန်းခွဲကျော်ရှိသည်ဟု အရပ်ဖက်ကရင်အဖွဲ့အစည်းများ၏ ပြုစုထားသော စာရင်းအရ သိရှိရသည်။



















