Home ဆောင်းပါး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကွန်ကရက် (congress) ဆိုသည်မှာ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကွန်ကရက် (congress) ဆိုသည်မှာ

1203

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏
ကွန်ကရက် (congress) ဆိုသည်မှာ

စောကပီ

(မေလ ၈ရက်၊ ၂၀၂၃)

ကရင်အမျိုးသားအစည်းအရုံး၏ ကွန်ကရက်ကို အခြေခံနယ်မြေကစပြီး ဗဟိုအဆင့်အထိ ကိုယ်စားလှယ်များ တဆင့် ချင်းစီ စေလွှတ်ပြီး မြို့နယ်၊ ခရိုင်၊ ဗဟို အဆင့်အထိ လေးနှစ်တစ်ကြိမ် ခေါ်ယူကျင်းပရမည်ဟု အစည်းအရုံး၏ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဌာန်းထားသည်။ ဗဟိုအဆင့်ကွန်ကရက်သို့ တက်ရောက်ရန် ခရိုင်အသီးသီးမှကိုယ်စားလှယ် ၁၅ဦးမှ ၂၀ဦးအထိ (လက်ရှိ ဗဟိုအမြဲတမ်းကော်မတီက သတ်မှတ်ပေးသည့်အတိုင်း) စေလွှတ်နိုင်သည်။

ဗဟိုဌာနချုပ်ကိုလည်း အထူးခရိုင်တစ်ခုကဲ့သို့ သတ်မှတ်ကာ ခရိုင်များနည်းတူ ကိုယ်စားလှယ် စေလွှတ်ရသည်။ ဗဟို ဌာနချုပ် အပါအဝင် နေရာဒေသ ကိုယ်စားပြုမှု စုစုပေါင်း ၈ခုရှိပြီး ဆက်စပ်အဖွဲ့အစည်းများအနေဖြင့် ကိုယ်စားလှယ် စေလွှတ်နိုင်သည့်အဖွဲ့ ၂ဖွဲ့ရှိသည်။ ကရင်အမျိုးသမီးအစည်းအရုံးက ၂ဦးနှင့် ကရင်လူငယ်အစည်းအရုံးက ၁ဦးဖြစ် သည်။ ဤလေးနှစ်တစ်ကြိမ် ကျင်းပသည့် ကွန်ကရက်၏ နောက်ဆုံးအဆင့်တွင် ကေအဲန်ယူ၏ အဆင့်ဆင့်သော ခေါင်း ဆောင်များကို ရွေးချယ်ကြခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ကေအဲန်ယူကွန်ကရက်သည် သင်းလုံးကျွတ် ကိုယ်စား လှယ်များ ညီလာခံနှင့် ခေါင်းဆောင်သစ်များ ရွေးကောက်တင်မြှောက်ပွဲပင် ဖြစ်သည်။

(ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကို ဖွဲ့စည်းတည်ဆောက်ထားသည့် ခရိုင်စုစုပေါင်း ၇ခုရှိသည်။ ၎င်းတို့မှာ သထုံခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ မြိတ်/ထားဝယ်ခရိုင်၊ မူတြော်ခရိုင်၊ ဒူးပလာယာခရိုင်နှင့် ဖားအံခရိုင်တို့ ဖြစ်ကြသည်။ ဤခရိုင်များ၏ နယ်နိမိတ်နှင့်အကျယ်အဝန်းသည် အစိုးရအဆက်ဆက်က သတ်မှတ်ထားသည့် ခရိုင်၊ မြို့နယ်များနှင့် ထပ်တူကျခြင်း မရှိသည်ကို သတိပြုပါ။)

ကရင်အမျိုးသားတော်လှန်ရေး၏ အမြင့်ဆုံးသော ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် အစုအဖွဲ့အစည်းအရုံး၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကေအဲန်ယူကွန်ကရက်သည် အရေးကြီးသော နိုင်ငံရေး၊ အမျိုးသားရေး၊ လုပ်ငန်းလမ်းစဉ်များနှင့်စပ်ဆိုင်သော ဆုံးဖြတ်ချက်များကို ချမှတ်ရသည့် အမြင့်ဆုံးအဆင့် နိုင်ငံရေးစုစည်းမှုတစ်ခု ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အစိတ်အပိုင်းတစ်ခုခုကို ပြင်ဆင်လိုပါကလည်း ကွန်ကရက်သို့ အဆိုတင်သွင်း ၍ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများအတိုင်း ပြင်ဆင်မှုများ ပြုလုပ်နိုင်သည်။

အကြမ်းအားဖြင့်နှိုင်းယှဉ်ရမည်ဆိုပါက ကေအဲန်ယူကွန်ကရက်သည် အထက်နှင့်အောက် လွှတ်တော်နှစ်ရပ် ပေါင်းသ ကဲ့သို့ ဥပဒေပြုရေးအာဏာကို ရရှိထားသည့် — သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ်များကို ကိုယ်စားပြု — ပြည်သူ့ကိုယ်စား လှယ်များ အစုအဖွဲ့ဖြစ်သည်။

ခရိုင်ကွန်ကရက်က ရွေးချယ်တင်မြှောက်လိုက်သည့် ခရိုင်ဥက္ကဌများသည် အစည်းအရုံး၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အလိုအလျှောက် ကေအဲန်ယူ၏ ဗဟိုကော်မတီဝင်များဖြစ်လာကြပြီး ခရိုင်တစ်ခုလျှင် တစ်ဦးစီကျ — ခရိုင် ၇ခုရှိသောကြောင့် ခရိုင်ဥက္ကဌ ၇ဦး ရှိပြီး — ဗဟိုအဆင့် အမြဲတမ်းကော်မတီတွင် အညီအမျှ ကိုယ်စားပြုပိုင်ခွင့် ရရှိကြသည်။

အရပ်ဖက် စစ်ဖက်ဆက်စပ်မှုကို ရယူထားသည့် အခင်းအကျင်းတစ်ခုမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (Karen National Liberation Army) ၏ တပ်မဟာမှူးသည် တပ်မဟာအခြေစိုက်ရာ ခရိုင်၏ ဒုဥက္ကဌများအဖြစ် တာဝန်ယူကြရသည်။ ထိုတပ်မဟာမှူး ၇ဦးသည် အလိုအလျှောက် ကေအဲန်ယူ ဗဟိုအမြဲတမ်းကော်မတီဝင်များ ဖြစ်ရ မည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဌာန်းထားသည်။ တော်လှန်ရေးကာလအတွင်း၌ပင်လျှင် (civilian supremacy) အရပ်သားဦးဆောင်မှုကို ရယူပြီးဖြစ်သည့်အပြင် အရပ်ဖက်ခေါင်းဆောင်များနှင့် စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်များအ ကြား ညှိနှိုင်းဆောင်ရွက်မှုများ လွယ်ကူချောမွေ့စေရန် ထိန်းညှိထားခြင်းလည်းဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုလျှင် ကေအဲန်ယူ ဗဟိုအမြဲတမ်းကော်မတီတွင် ခရိုင် ၇ခုကို နိုင်ငံရေးစစ်ရေးဆိုင်ရာ ကိစ္စရပ်များအ တွက် တိုက်ရိုက်ကိုယ်စားပြုရသည့် ကိုယ်စားလှယ် ၁၄ဦးကို စေလွှတ်ခွင့် ရရှိထားခြင်း ဖြစ်သည်။ ဖွဲ့စည်းပုံအရ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်၏ စစ်ဦးစီးချုပ်သည်လည်း အလိုအလျောက် ဗဟိုအမြဲတမ်းကော်မတီဝင်တစ်ဦး ဖြစ် လာရသည်။

ထို့ကြောင့် ဗဟိုအမြဲတမ်းကော်မတီဝင် ၄၅ဦးအနက် အရေအတွက် ၃၀ဦးကိုသာ ဗဟိုကွန်ကရက်က ရွေးချယ်ရန် လိုအပ်တော့သည်။ ဗဟိုအဆင့်ကွန်ကရက်တွင် အမြဲတမ်းကော်မတီဝင် ၃၀ဦးကို ရွေးချယ်တင်မြှောက်ပြီးနောက် စုစု ပေါင်း ဗဟိုအမြဲတမ်းကော်မတီဝင် ၄၅ဦးထဲမှ ကြီး ၅ကြီးဟု ဆိုနိုင်သည့် အစည်းအရုံး၏ ဥက္ကဌ၊ ဒုဥက္ကဌ၊ အထွေထွေ အတွင်းရေးမှူးနှင့် တွဲဘက်အထွေထွေအတွင်းရေးမှူး နှစ်ဦးတို့ကို လျှို့ဝှက်မဲပေးကာ ရွေးကောက်တင်မြှောက်ကြရ သည်။ ပြီးသည်နှင့် တစ်ပြိုင်နက် ဗဟိုတရားသူကြီးချုပ်ကိုပါ မဲပေး ရွေးကောက်တင်မြှောက်ရသည်။

၁၇ကြိမ်မြောက်ကွန်ကရက်တွင် ရွေးချယ်တင်မြှောက်လိုက်သော ထိပ်သီးခေါင်းဆောင် ၅ဦးမှာ
ပဒိုစောကွယ်ထူးဝင်း ဥက္ကဌ
ပဒိုစောဆဲဂေ ဒုဥက္ကဌ
ပဒိုစောတာဒိုမူး အထွေထွေအတွင်းရေးမှူး
ပဒိုစောသောသီ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁)
ပဒိုစောလှထွန်း တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) တို့ဖြစ်ကြသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၏ စစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်ကြီးစောဂျော်နီဖြစ်ပြီး ဒုစစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ် စောဘောကျော်ဟဲ ဖြစ်သည်။ စစ်ရေးချုပ် ဗိုလ်ချုပ်မန်းရှားထူဝေါင့်နှင့် စစ်ထောက်ချုပ် ဗိုလ်ချုပ်စောအိုင်းဇက်တို့မှာ ယခင်ကအတိုင်း အပြောင်းအလဲမရှိပေ။

ကေအဲန်ယူ ကွန်ကရက်သို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ပိုင်ခွင့်ရှိသူအားလုံးသည် ခေါင်းဆောင်များ ရွေးကောက် တင်မြှောက်ရာတွင် မဲပေးပိုင်ခွင့်ရှိသကဲ့သို့ ကိုယ်တိုင်လည်း အရွေးခံပိုင်ခွင့်ရှိသူများ ဖြစ်ကြသည်။

ဗဟိုအမြဲတမ်းကော်မတီဝင် ၄၅ဦးသည် ကွန်ကရက်က အတည်ပြုချမှတ်လိုက်သည့် တော်လှန်ရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ဦးဆောင်ကာ အကောင်အထည်ဖေါ်ရသည်။ လေးနှစ်တာ သက်တမ်းကာလအ တွင်း ကွန်ကရက်ကိုယ်စား အစည်းအရုံး၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး လုပ်ငန်းတာဝန်အရပ်ရပ်ကို တာဝန်ခံ ဆောင် ရွက်ရသည်။

အစိုးရသောအုပ်ချုပ်ရေး
စင်စစ် ကေအဲန်ယူသည် အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်ရေးတစ်ရပ်ကို ဦးဆောင်နေသည့် တပ်ဦးအဖွဲ့ အစည်းတစ်ခုဖြစ်သကဲ့သို့ မိမိအဖွဲ့အစည်း ထိန်းချုပ်နယ်မြေအတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုး ရေးတာဝန်များကိုပါ တစ်ပြိုင်တည်း ဆောင်ရွက်နေခြင်းဖြစ်သည်။ စစ်ဦးစီးချုပ်လည်းဖြစ်၊ ဥက္ကဌလည်းဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးစောဘိုမြလက်ထက်တွင် ကေအဲန်ယူကို အစိုးရတစ်ရပ်အဖြစ် ကြေငြာခဲ့ဖူးသည်။ မာနယ်ပလောဌာနချုပ် ကို လက်လွတ်ဆုံးရှုံးခဲ့ရပြီးနောက်ပိုင်း အစိုးရတစ်ရပ်၏ တာဝန်များကို ထမ်းဆောင်နိုင်ခြင်းမရှိတော့ဘဲ တော်လှန်ရေး လုပ်ငန်းများကိုသာ ဦးစားပေး အားစိုက်ခဲ့ရသည်။

ယခုလက်ရှိအခြေအနေတွင်မူ လူသိရှင်ကြား ကြေငြာသည်ဖြစ်စေ၊ မကြေငြာသည်ဖြစ်စေ ကေအဲန်ယူအနေဖြင့် အစိုးရ တစ်ရပ်၏ တာဝန်ကိုလည်း ယူထားပြီးဖြစ်သည်ဟု ဆိုနိုင်သည်။ ကေအဲန်ယူသည် မိမိတို့ ထိန်းချုပ်ရာနယ်မြေဒေသ များကို အစိုးရတစ်ရပ်ကဲ့သို့ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများကို အကောင်အထည်ဖေါ်ဆောင်ရန် လိုအပ်သည့် ဌာနဆိုင်ရာများကို ဖွဲ့စည်းတည်ဆောက်ထားခြင်းက အထင်အရှား သက်သေပြနေသည်။ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး ဆိုင်ရာ ဌာန စုစုပေါင်း ၁၂ခုမှာ အောက်ပါအတိုင်းဖြစ်သည်။

— ကျန်းမာရေးနှင့်ကူညီစောင့်ရှောက်ရေးဌာန
— ပညာရေးနှင့်ယဉ်ကျေးမှုဌာန
— ကာကွယ်ရေးဌာန
— အကောက်အခွန်နှင့်ဘဏ္ဍာရေးဌာန
— လယ်ယာနှင့်စိုက်ပျိုးရေးဌာန
— သစ်တောဌာန
— နိုင်ငံခြားရေးဌာန
— မွေးမြူရေးနှင့်ငါးဖမ်းလုပ်ငန်းဌာန
— ပြည်ထဲရေးနှင့်သာသနာရေးဌာန
— သတ္တုတွင်းဌာန
— သယ်ယူပို့ဆောင်ရေးနှင့်လမ်းပမ်းဆက်သွယ်ရေးဌာန
— တရားရေးဌာန

ဤသည်ကို ကြည့်ခြင်းအားဖြင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ (အစိုးရတစ်ရပ်ကဲ့သို့ ) တရားဝင်မှုမှာ နယ် မြေထိန်းချုပ်နိုင်ခြင်း (de facto) တစ်ခုတည်းကြောင့်မဟုတ်ဘဲ ၎င်း၏ အုပ်ချုပ်နယ်မြေအတွင်း ပြည်သူ့ရေးရာဝန် ဆောင်မှုလုပ်ငန်းများကို စီမံခန့်ခွဲဆောင်ရွက်နိုင်ခြင်း (by virtue of its services to the people) ကြောင့်လည်း ဖြစ်သည်။ ဖွဲ့စည်းတည်ဆောက်ပုံအရလည်း အောက်ခြေကျေးရွာများမှစ၍ မြို့နယ်၊ ခရိုင်နှင့် ဗဟို အစရှိသဖြင့် အဆင့်ဆင့်သော ရွေးကောက်ပွဲများကျင်းပခြင်းဖြင့် ကေအဲန်ယူသည် စနစ်တကျ နိုင်ငံရေးဖြစ်စဉ်အရ (de jury) တရားဝင်မှုရှိသည်ဟုပင် ဆိုနိုင်သည်။

ဥပမာဆိုရလျှင် ကေအဲန်ယူ၏ ပညာရေးနှင့်ယဉ်ကျေးမှုဌာနမှ အခြေခံပညာအထက်တန်းအထိ ကိုယ်ပိုင် သင်ရိုးညွှန်း တမ်းများ ပြဌာန်းပြီး ပညာရေးစနစ်တစ်ခု တည်ဆောက်ထားသည်ကို တွေ့ရသည်။ အလားတူပင် ကျန်းမာရေးနှင့် ကူညီစောင့်ရှောက်ရေးဌာနသည်လည်း ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုပေးနေခဲ့သည်မှာ ဆယ်စုနှစ်ပေါင်း အတော် ကြာခဲ့ပြီဖြစ်သည်။ ဤကဲ့သို့ ပညာရေး ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို စနစ်တကျ ဆောင်ရွက်နေခြင်းကပင် လျှင် ၎င်း၏ တရားဝင်မှုဇစ်မြစ် (sources of legitimacy) ဖြစ်သည်။

ကရင်အမျိုးသား နိုင်ငံရေးအလှည့်အပြောင်း စင်မြင့်
နောက်ဆုံးကျင်းပခဲ့သည့် ၁၇ကြိမ်မြောက်ကွန်ကရက်မှာ ကေအဲန်ယူ၏ ၇၆နှစ်တာ တော်လှန်ရေးသက်တမ်းတစ် လျှောက်တွင် အထူးခြားဆုံးနှင့် အရှုတ်ထွေးဆုံးဟု ဆိုနိုင်သည်။ ထူးခြားမှုကိုဆိုရလျှင် ကွန်ကရက်ကို အဆင့်သုံးဆင့်ခွဲ ၍ ကျင်းပခြင်းဖြစ်ပြီး လူတွေ့အချို့နှင့် online စနစ် နှစ်မျိုးစလုံးပေါင်းစပ်၍ ကျင်းပခဲ့ရခြင်း ဖြစ်သည်။ အချိန်ကာလ အားဖြင့်ဆိုရလျှင် ခရိုင်တစ်ခုချင်းစီက စစ်ရေးနိုင်ငံရေး သုံးသပ်ချက်စာတမ်းများနှင့် ကေအဲန်ယူ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေတို့ကို ပြန်လည်ဆန်းစစ်ပြင်ဆင်ချိန် အပါအဝင် စုစုပေါင်း ၁၀လခန့် ကြာမြင့်ခဲ့သည်ဟု ဆိုနိုင်သည်။ အရှုတ်အ ထွေး၊ အခက်အခဲ များစွာကြားမှ ကျင်းပခဲ့ကြခြင်းလည်းဖြစ်သည်။

အထူးသဖြင့် ဤကွန်ကရက်၏ တတိယနှင်နောက်ဆုံးအဆင့်တွင် များစွာသော အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ ကရင်အရပ်ဖက် အဖွဲ့အစည်းများနှင့် ပြည်ပရောက်ကရင်အစုအဖွဲ့အချို့မှ ပေးပို့လာသော အိတ်ဖွင့်ပေးစာပါ ကေအဲန် ယူထိပ်ပိုင်းခေါင်းဆောင်များအပေါ် စွပ်စွဲချက်နှင့် တောင်းဆိုမှုများက ကွန်ကရက်နောက်ဆုံးအဆင့်ကို အချိန်အတော် ကြာ ရပ်တန့်စေခဲ့သည်။ တစ်ချိန်တည်းမှာပင် ကိုဗစ်ကပ်ရောဂါကာလ၊ စစ်ကောင်စီ၏ စစ်ရေးအရ ခြိမ်းခြောက်မှု၊ လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်နိုင်သည့် ဖြစ်တန်ချေများကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ရသောကြောင့်ဖြစ် သည်။

မူတြော်ခရိုင် (တပ်မဟာ ၅) နှင့် တောင်ငူခရိုင် (တပ်မဟာ ၂) တို့၏ ပါဝင်မှုမရှိဘဲ နောက်ထပ်ကွန်ကရက် သက်တမ်း တစ်ခုအတွက် ရွေးကောက်ပွဲကို မပြည့်မစုံနှင့် တစ်ပိုင်းတစ်စ ဖြစ်နေသည့်တိုင် အစည်းအရုံး၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ကျင်းပ၍ ခေါင်းဆောင်သစ်များကို ရွေးချယ်ခဲ့ကြသည်။

၁၇ကြိမ်မြောက်ကွန်ကရက်တွင် စုပေါင်းခေါင်းဆောင်မှုဖြင့် လုပ်ရန်လိုအပ်သည့် လုပ်ငန်းများအတွက် မူဝါဒလမ်းညွှန်မှု ပေးနိုင်ရန် နာယကအဖွဲ့ အပါအဝင် အထင်ကရ ကော်မတီနှင့် ကောင်စီ စုစုပေါင်း ၁၁ခုကိုလည်း ဖွဲ့စည်းလိုက်သည်။ နိုင်ငံရေးနှင့် စည်းရုံးရေးကော်မတီ၊ အမျိုးသားလုံခြုံရေးနှင့် စစ်ကောင်စီ၊ အခွန်နှင့်ဘဏ္ဍာရေးကော်မတီ၊ စီးပွားရေး ကော်မတီ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ၊ မြေယာကော်မတီနှင့် လူ့အခွင့်အရေးကော်မတီတို့မှာ လုပ်ပိုင်ခွင့်ကြီးမားသော ကော်မတီများဖြစ်ကြသည်။

ပထမဦးဆုံးအကြီမ် စတင် စမ်းသပ်သည့် အပြောင်းအလဲတစ်ခုမှာ နှစ်ပေါင်းများစွာရှိနေခဲ့သည့် မဟာမိတ်ရေးရာဌာန နှင့် စည်းရုံးရေးဌာနများကို ဖျက်သိမ်းပြီး နိုင်ငံရေးနှင့် စစ်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းခြင်း ဖြစ်သည်။ စစ်ဖက် ဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်သည့်အခါ နိုင်ငံရေး၏လားရာနှင့် ကင်းကွာမှုမရှိဘဲ လိုက်လျောညီထွေဖြစ်စေ ရန် ရည်ရွယ်သည်ဟု သိရသည်။ ဖျက်သိမ်းလိုက်သည့် ၎င်းဌာနကြီးနှစ်ခုအောက်တွင် လုပ်ကိုင်ခဲ့သော လုပ်ငန်းများ အားလုံးကို သက်ဆိုင်ရာ ကော်မတီလက်အောက်တွင် ပြန်လည်လုပ်ကိုင်ဆောင်ရွက်စေမည်ဖြစ်သည်။

၁၇ကြိမ်မြောက်ကွန်ကရက်က ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်များထဲမှ ထူးခြားသည့်ဆုံးဖြတ်ချက်တစ်ခုမှာ ကော်သူး လေအမျိုးသားကောလိပ် သို့မဟုတ် တက္ကသိုလ်တစ်ခုကို တည်ထောင်သွားရန် ဖြစ်သည်။ ကေအဲန်ယူ၏ နှစ် ၇၀ကျော် သမိုင်းတစ်လျှောက် ပထမဦးဆုံးအကြိမ် တင်းပြည့်ကျပ်ပြည့် အမျိုးသားအဆင့် အဆင့်မြင့် ပညာသင်ကျောင်းတစ် ကျောင်း တည်ထောင်ရန် ခြေလှမ်းအစပြုခြင်းဖြစ်သည့်အတွက် စိတ်လှုပ်ရှားဖွယ် ကောင်းသည်ဟု ဆိုနိုင်သည်။

နောက်ထပ်ထူးခြားသည့် ဆုံးဖြတ်ချက်တစ်ခုမှာ ကေအဲန်ယူ၏ ဗဟို ခရိုင်နှင့် မြို့နယ်အဆင့်များရှိ ဥက္ကဌများကို ၄နှစ် သက်တမ်း နှစ်ကြိမ်ထက်ပို၍ ဆက်တိုက် တာဝန်ထမ်းဆောင်ခြင်းမပြုရ ဆိုသည့်အချက်ဖြစ်သည်။ အချုပ်အားဖြင့် ဆိုရလျှင် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၏ ကွန်ကရက်သည် ခေါင်းဆောင်သစ်များ ရွေးချယ်ခြင်း၊ ရွေးကောက်တင်မြှောက်ခြင်းအပြင် ကရင်အမျိုးသားတော်လှန်ရေးတစ်ရပ်လုံး၏ ကြီးမားသည့် စစ်ရေး နိုင်ငံရေးနှင့် မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲများကို ပြုလုပ်နိုင်သည့် သင်းလုံးကျွတ်ညီလာခံပင် ဖြစ်သည်။

ကေအဲန်ယူသည် အမျိုးသားတော်လှန်ရေးကို ဦးဆောင်နေသည့် အဖွဲ့လည်းဖြစ်သည့်အတွက် တစ်မျိုးသားလုံး၏ ကံကြမ္မာ အလှည့်အပြောင်းကို ဖြစ်စေနိုင်သည့် ဆုံးဖြတ်ချက်များချရာ စင်မြင့်ကြီးတစ်ခုဟုလည်း ဆိုနိုင်ပေသည်။