Home သတင်း စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အရပ်သားလူငယ်တစ်ဦး သေဆုံး

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အရပ်သားလူငယ်တစ်ဦး သေဆုံး

839
Photo: Crd.

မေလ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ ညောင် လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းတွင် ယမန်နေ့ မေလ (၃) ရက်နေ့က အသက်(၂၀)ကျော်အရွယ် ဒေသခံလူငယ်တစ်ဦး စစ်ကောင်စီ တပ်များ၏ အကြောင်းမဲ့ ပစ်သတ်ခြင်းခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ပစ်သတ်ခံရသူလူငယ်သည် နတ်သံကွင်းမြို့တွင်း၌ အလုပ်လုပ်ကိုင်ပြီး ယမန် နေ့ည(၇)နာရီခန့်က ဆိုင်ကယ်ဖြင့်အလုပ်မှ အိမ်သို့ပြန်လာစဥ် နတ်သံ ကွင်းဆေးရုံ မျက်စောင်းထိုးတွင် ကင်းပုန်းလာဝပ်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်(၇) ဦးအဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် ခါးကိုသေနတ်ထိမှန် ဒဏ်ရာဖြင့် သေဆုံးသွား ကြောင်း မျက်မြင်ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “ပစ်သတ်ခံရတဲ့ကောင်လေးက နေ့တိုင်းအလုပ်သွားအလုပ်ပြန် လုပ်နေကြပါ။ အဲ့ဒီနေ့ကပြန်တာလည်း ခါတိုင်းထက်စောတယ်။ ဆေးရုံနားဆိုတော့ (၈)နာရီလောက်ထိ လူတိုင်းသွားလာကြပါတယ်။ အဲ့ဒါကို လှမ်းပစ်လိုက်တာ။ အလောင်းကတော့ပြန်ရတယ်။ ဆေးရုံလိုက်သွားတဲ့မိသားစုဝင်တွေပြောတာကတော့ ကျည်ကဖောက်မထွက်သွားပဲ ခါးရိုးနားမှာထိတယ်လို့ပြောတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဆေးရုံမျက်စောင်းထိုးရှိ ကင်းတဲအတွင်း တခါတရံ စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ ကင်းပုန်းလာဝပ်လေ့ရှိပြီး ယမန်နေ့ညက အသံကြားသဖြင့် ထွက်ကြည့်ရာ အဆိုပါ ဖြစ်စဥ်အားတွေ့မြင်ခဲ့ရကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် အခြားဒေသခံတစ်ဦး‌ကလည်း ပြောသည်။

ယခုရက်ပိုင်း နတ်သံကွင်းမြို့အတွင်းတွင် စစ်ကောင်စီတပ်များက တော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ အသွားအလာကိုထောက်လှမ်းရန် အရပ်ဝတ်များဖြင့် လက်နက်ကိုင် ဆောင်ကာသွားလာနေကြကြောင်း ဒေသခံများက ပြောဆိုကြသလို အဆိုပါ လူငယ်အား လူမှားယွင်း၍ ပစ်ခတ်လိုက်ခြင်းဖြစ်သည်ဟု တပ်တွင်းနီးစပ်သူများ၏ ပြောကြားချက်အရ သိရသည်။

နတ်သံကွင်းမြို့ခံတစ်ဦးက “ခုရက်ပိုင်းတောက်လျှောက်ပဲ သူတို့က ယူနီဖောင်းနဲ့ သွားနေကြတာတော့ မဟုတ်ဘူး။ နေ့ခင်းပိုင်းလည်း မြို့ထဲသွားနေကြတာပဲ။ ပြီးတော့ ဟိုတလောက နတ်သံကွင်းအဝင်အထွက်နဲ့ အုန်းနှဲပင်တံတားဘက်မှာလည်း အထုပ်ပါ လာရင် စစ်ဆေးနေကြတာတွေရှိတယ်။ တစ်ခါတစ်လေ ဆိုင်ကယ်ဖမ်းစစ်ပြီး ပိုက်ဆံ တောင်းတာတွေလည်းရှိတယ်။” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ(၂၂)ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA နှင့်တပ်ပေါင်းစုများက စစ်ကောင်စီ၏ တပ်စခန်း(၄)ခုအား ပစ်ခတ်တိုက်ခိုက် ခဲ့ပြီး နောက် စစ်ကောင်စီက ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်အတွင်းရှိ ကျေးရွာ များအား လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုများနှင့် တပ်အင်အားဖြည့် တင်းခြင်း များလုပ်ဆောင်ခဲ့သော်လည်း ယခုရက်ပိုင်း နတ်သံကွင်းတွင် လက်နက်ကြီး ပစ်ခတ်မှုငြိမ်သက်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

အလားတူ ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း စစ်ကောင်စီတပ်သည် ကေအဲန်ယူ ထိန်းချုပ်နယ်မြေများရှိ ပြည်သူများအား သေနတ်ဖြင့် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အရပ်သား(၈)ဦးသေဆုံးခဲ့ရပြီး (၈)ဦးထိခိုက်ဒဏ်ရာရခဲ့သလို လက်နက်ကြီး နှင့် လက်နက်ငယ်ပစ်ခတ်မှု(၆)ကြိမ် ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း ကေအဲန်ယူ-သတင်းနှင့်ပြန်ကြားရေး ဗဟိုက မေလ(၁)ရက်နေ့တွင် ထုတ်ပြန်ထားသည်။