Home သတင်း စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းထုတ်ပြန်

စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းထုတ်ပြန်

907

မေလ ၁၆ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၆)နယ်မြေတွင် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က နယ်မြေကျူးကျော်ဝင်ရောက်လာသော စစ်ကောင်စီတပ်နှင့် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၃ ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

မေလ ၁၄ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးကာ ၁၀ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီးနောက် ယမန်နေ့ ၁၅ ရက်နေ့တွင် ကျောက်မိုင်းနယ်မြေဒေသအတွင်းသို့လက်နက်ကြီးပစ်ကူများဖြင့် ထပ်မံဝင်ရောက်လာသည့် စစ်ကောင်စီနှင့် ပစ်ခတ်မှုထပ်မံဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်မှ ၁ ဦး ထပ်မံသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်း၏ ဒုစစ်ကြောင်းမှူးစောကော်က ယခုလိုပြောသည်။

“စကစဘက်က ကျနော်တို့လုံခြုံရေးချထားတဲ့နေရာကို အရင်လာတိုက်တယ်။ စစ်ကြောင်း ၄ ကြောင်းနဲ့ တက်လာတယ်။ BGF က ဗိုလ်မုတ်သုန်အဖွဲ့ကလူတွေပါတယ်။ စကစဘက်က ပစ်တဲ့လက်နက်ကြီးက ဒေသခံရွာတွေဘက်ကို ကျတာရှိတယ်။ ဒါပေမဲ့ ရွာသားတွေထိခိုက်မှုတော့မရှိဘူး”ဟု ၎င်းက ကေအိုင်စီ သို့ ပြောသည်။

ထို့နောက် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ တစ်စုံတစ်ရာထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်း ကော်ဘရာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ၎င်းတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုနှင့်ပတ်သက်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ သတင်း ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီဘက်မှ ထိကျဆုံးမှုများကိုမူ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်းတွေ့ရသည်။

အလားတူ မြဝတီမြို့ လက်ခတ်တောင်နှင့် ကျောက်မိုင်းဒေသတို့တွင် ပြီးခဲ့သည့် မေလ(၁၁) ရက်မှ (၁၃)ရက်နေ့ အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ကော်ဘရာ စစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သေးပြီး အဆိုပါ တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်(၈) ဦးသေ ဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာ ထိုဒေသရှိ (KNLA)၏ ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့များ လုံခြုံရေး ရယူထားနိုင်သည့်နေရာများကို စစ်ကောင်စီတက်ဘက်မှ ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သလို ဓာတုလက်နက်ဟု ယူဆရသည့် လက်နက်ကြီးများ ဖြင့်လည်း ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်းလည်း ကော်ဘရာစစ်ကြောင်းဘက်က ပြောသည်။