Home သတင်း ၂၀၂၃ခုနှစ်အတွက် ဟီရိုရှီးမားဖောင်ဒေးရှင်းဆု BNI ကို ချီးမြှင့်ပေးအပ်

၂၀၂၃ခုနှစ်အတွက် ဟီရိုရှီးမားဖောင်ဒေးရှင်းဆု BNI ကို ချီးမြှင့်ပေးအပ်

611

မေလ ၁၆ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ငြိမ်းချမ်းရေးနှင့် ယဥ်ကျေးမှုလုပ်ငန်းများကို စောင့်ကြည့်ဖော်ထုတ်ခြင်းအတွက် ပေးအပ်သည့် ၂၀၂၃ခုနှစ်၏ ဟီရိုရှီးမား ဖောင်ဒေးရှင်းဆုကို မြန်မာ့မီဒီယာကွန်ရက်တစ်ခုဖြစ်သည့် နိုင်ငံတကာမြန်မာ့သတင်း(Burma News International – BNI)အား ချီးမြှင့်ပေးအပ်လိုက်ကြောင်း The Edita and Ira Morris Hiroshima Foundation က မေလ (၁၅)ရက် ယမန်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

၎င်းထုတ်ပြန်ချက်တွင် ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားလူမျိုးစုအသီးသီး၏ သတင်းများအား ရဲဝံ့စွာ ထုတ်ဖော်ပေး ခြင်း၊ လူ့အခွင့်အရေးကို ချိုးဖောက်နေသော ရက်စက်ကြမ်းကြုတ်မှုများအား အစီရင်ခံစာရေးသား တင်ပြခြင်းနှင့် နိုင်ငံ တကာက သိရှိစေရန် သတင်းများကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးခြင်း စသည့် လုပ်ငန်းစဥ်များ လုပ်ဆောင်သော တိုင်းရင်းသားမီဒီယာ (၁၅)ခုဖြင့် ဖွဲ့စည်းထားသည့် BNI အား အဆိုပါဆုချီးမြှင့်ရန် ငြိမ်းချမ်းရေးနှင့်ယဥ်ကျေးမှုအခြေ ပြုဖောင်ဒေးရှင်းဖြစ်သည့် ဟီရိုရှီးမားဖောင်ဒေးရှင်းက ဆုံးဖြတ်လိုက်ကြောင်း ဖော်ပြထားသည်။

ယင်းသို့ ဆုချီးမြှင့်ခံရခြင်းနှင့်ပတ်သက်၍ BNI ၏ စီမံခန့်ခွဲမှုဒါရိုက်တာ မတင်တင်ညိုက “ဒီဆုက ငြိမ်းချမ်းရေးနဲ့ လူမျိုး စုငယ်တွေရဲ့အရေးကိစ္စတွေ၊ လူမျိုးစုငယ်တွေအတွက် အသံတွေကို ဖော်ထုတ်ပေးတဲ့အတွက်ကြောင့် တစ်ဖက်က ကြည့်ရင် တိုင်းရင်းသားလူမျိုးတွေရဲ့ရိုးရာယဥ်ကျေးမှုနဲ့ အရေးကြီးတဲ့အခန်းကတွေကို စဥ်ဆက်မပြတ် ဖော်ထုတ် ပေးတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဖိနှိပ်ခွဲခြားဆက်ဆံတာတွေကို ဖော်ထုတ်ပေးတာကို အသိအမှတ်ပြုတဲ့အ နေနဲ့ ဒီဆုကိုပေးတာလို့ ကျမတို့က နားလည်ထားပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါဆုသည် BNI အနေဖြင့် ပထမဦးဆုံးရရှိသော ဆုတစ်ခုဖြစ်သလို စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားနှင့် ဒေသခံမီဒီယာများတွင် လုံခြုံမှုကင်းမဲ့ခြင်းနှင့် စိန်ခေါ်မှုများစွာရှိသော အခြေအနေ အရပ်ရပ်အောက် ၌ စွန့်လွှတ်စွန့်စား၍ သတင်းများအား စဥ်ဆက်မပြတ် တင်ဆက်ပေးနေခြင်း၏ ရလဒ်တစ်ခုဟုလည်းဆိုနိုင်ကြောင်း သူမက ဆက်လက် ပြောဆိုသည်။

“ဒါဟာ တိုင်းရင်းသား၊ ဒေသခံမီဒီယာတွေကို နိုင်ငံတကာရဲ့ဇာစ်မြစ်တွေမှာ တစ်စုံတစ်ရာ အသိအမှတ်ပြုခံလာရတယ် ဆိုတဲ့ ပြယုဂ်တစ်ခုပါ။ နိုင်ငံတကာက တိုင်းရင်းသားမီဒီယာတွေရဲ့ အရေးကြီးတဲ့အခန်းကကို စပြီးတော့ လက်ခံလာ တာက တန်းတူညီတူတဲ့ အခွင့်အရေးတွေ မရှိခဲ့တဲ့ တိုင်းရင်းသားတွေအတွက် ထုတ်ဖော်ပြောဆိုမှုတွေ ပိုပြီးရှိလာနိုင် တာကိုလည်း သက်ရောက်တဲ့အတွက် ကျမ ဝမ်းသာမိပါတယ်။”ဟု မတင်တင်ညိုက ပြောသည်။

ဟီရိုရှီးမားဖောင်ဒေးရှင်းအနေဖြင့် ၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းယူပြီးသည့်အချိန်မှစ၍ လူ့အခွင့်အရေးနှင့် ဒီမိုကရေ စီအတွက် BNI က ပေးအပ်ထားသည့် ခိုင်ခံ့သော ကတိကဝတ်များ၊ နှစ်နှင့်ချီသော ငြိမ်းချမ်းရေးကြိုးပမ်းတည်ဆောက် ခြင်းများအတွက် အဆိုပါဆုကိုပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ ငါးသောင်းကို ချီးမြှင့်မည် ဖြစ်ပြီး ဆုပေးအပ်ပွဲကို ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းတွင် လာမည့် စက်တင်ဘာလ၌ ကျင်းပသွားမည်ဟုလည်း ၎င်းတို့၏ သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်တွင် BNI ၏ စီမံခန့်ခွဲမှုဒါရိုက်တာ မတင်တင်ညိုသည်လည်း မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် တရားမျှတမှုဆိုင်ရာ မြှင့်တင်ရေးလုပ်ငန်းများအား လုပ်ဖော်ကိုင်ဖက်များနှင့်လက်တွဲကာ ဆယ်စုနှစ်ချီ ကြာ လုပ်ဆောင်ခဲ့သော လူ့အခွင့်အရေး၊ အမျိုးသမီးအရေး ထုတ်ဖော်ပြောကြားသူ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ကြောင်း ဆိုထားသည်။

၁၉၈၉ခုနှစ်မှ စတင်တည်ထောင်ခဲ့သော ဟီရိုရှီးမားဖောင်ဒေးရှင်းသည် ၎င်းတို့ရွေးချယ်ချီးမြှင့်သော ဆုများကို ပဋိပက္ခ ဒေသများတွင် တွေ့ဆုံဆွေးနွေးမှု၊ နားလည်မှုနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန် ယဥ်ကျေးမှုနယ်ပယ်အတွင်း ပါဝင်လုပ် ဆောင်နေကြသော အမျိုးသား၊အမျိုးသမီးများအား ပေးအပ်ချီးမြှင့်လေ့ရှိပြီး ၂၀၁၈ နှင့် ၂၀၂၀ ခုနှစ်အတွက် ဆုများကို အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေးတွင် ပါဝင်ခဲ့သော တောင်အာဖရိကနိုင်ငံသား မိုက်ခ်ဗန်ဂရန်နှင့် Bi-Communal Choir for peace in Cyprus တို့အားလည်း ချီးမြှင့်ပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

BNI တွင် ပြည်နယ်ဒေသအခြေစိုက် တိုင်းရင်းသားမီဒီယာ အများစု အပါအဝင် လွတ်လပ်သည့် မီဒီယာအဖွဲ့ (၁၅)ဖွဲ့ဖြင့် ကွန်ရက်ဖွဲ့စည်းထားပြီး လွတ်လပ်သည့်စာနယ်ဇင်းကျင့်ဝတ်ကို ကိုင်စွဲကာ သတင်းထုတ်ဖော်ခွင့်ကို မြှင့်တင်ခြင်းအ ပြင် တိုင်းရင်းသားဒေသ အထူးပြုသည့် မြန်မာနိုင်ငံအတွင်းရှိ ဖြစ်ရပ်များအား ပြည်တွင်းပြည်ပမှ သိရှိနိုင်ရန် တိုင်းရင်း သားလူမျိုးစုဘာသာ/စကားများဖြင့် ဘက်စုံသတင်းမီဒီယာလုပ်ငန်းကို ရပ်တည်လုပ်ဆောင်လျက်ရှိသည်။

၂၀၀၃ခုနှစ်က အိမ်နီးချင်းနိုင်ငံ နယ်စပ်များ၌ အခြေစိုက်သည့် မီဒီယာ ၄ဖွဲ့ဖြင့် စတင်တည်ထောင်ခဲ့သော BNI သည် ယခုနှစ်တွင် နှစ် ၂၀ပြည့်မြောက်ပြီဖြစ်ပြီး ၂၀၁၂-၂၀၂၁ ကြား မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကာလ၌လည်း ပြည်နယ်ဒေသ အသီးသီးတွင် တိုင်းရင်းမီဒီယာညီလာခံကို ကျင်းပလာခဲ့ရာ လွန်ခဲ့သည့် ဧပြီလနောက်ဆုံးပတ်က ၈ကြိမ်မြောက်အထိ ပြုလုပ်ပြီးစီးခဲ့ပြီးဖြစ်သည်။