မေလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ မူးဒူးကျေးရွာတွင် ဝင်ရောက်တပ်စွဲထား သည့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံများ၏ ငွေကြေးနှင့် လက်ကိုင်ဖုန်းများကို သိမ်းယူမှုများ ပြုလုပ်နေကြောင်း မူးဒူးကျေးရွာ ဒေသခံများထံမှ သိရသည်။
အဆိုပါ ဒေသတွင် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က ရေဖြူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ စစ်ကောင်စီဂိတ်စခန်းကို ဝင်ရောက်ပစ်ခတ်မှု ပြုလုပ်ခဲ့ပြီးနောက် ယမန်နေ့က မူးဒူးကျေးရွာ အတွင်းသို့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်တပ်စွဲခဲ့ရာ ဒေသခံရွာသားများ၏ ငွေကြေးနှင့် ဖုန်းများ သိမ်းယူမှုများ ပြုလုပ်သည့်အပြင် ဒေသခံရွာသားများကိုပါ ဖမ်းဆီးမှုများပြုလုပ်နေကြောင်း အမည်မဖော်လိုသူ မူးဒူးရွာခံတစ်ဦးက ပြောသည်။
၎င်းက “စစ်တပ်ကရွာထဲကိုဝင်လာတော့ ရွာသားတွေကကြောက်ပြီ း မယင်းကြီးဘုရားပေါ်မှာသွား ရှောင် နေတဲ့ထိန်ကြီးရွာသား ၅ ယောက်အဖမ်းခံထိတယ်။ ပြီးတော့ရွာသားတွေရဲ့ ဖုန်းနဲ့ပိုက်ဆံတွေ အကုန်သိမ်းသွားတယ်။ အခုလက်ရှိမှာလည်း တပ်စွဲပြီး ဝင်မွှေနေတုန်းပဲ။ စစ်သားအရေအတွက် တိတိကျကျမသိဘူး။ ဒါပေမဲ့အများကြီးပဲ။ ”ဟု ကေအိုင်စီသို့ ပြောသည်။
ကျေးရွာအတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဝင်ရောက်ရှာဖွေမည့်အကြောင်း ပြချက်ဖြင့် ဝင်ရောက်တပ်စွဲလိုက်လံရှာဖွေမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး အဆိုပါ လုပ်ဆောင်မှုများကြောင့် ဒေသခံ ရွာသားများအနေဖြင့် စိုးရိမ်ထိတ်လန့်နေကြရကြောင်းလည်း အဆိုပါ ဒေသခံ က ဆက်ပြောသည်။
၎င်းကျေးရွာအတွင်း စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာမှု မတိုင်ခင်ရက်များက စစ်ကောင်စီ၏ ကင်း ထောက်လေယာဉ်များ နေ့စဉ်လိုလို လာရောက်ပျံသန်းမှုများ ပြုလုပ်ခဲ့ပြီးနောက် မေလ ၁၄ရက် နေ့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသခံ ရွာသားများက ပြောသည်။
ဒေသခံရွာသားတစ်ဦးက “ပြီးခဲ့တဲ့ရက်က မနက် ၄ လောက်ကတိုက်ပွဲဖြစ်ပြီး ရွာကိုလေ ယာဉ်နဲ့ ဗုံးကြဲတယ်။ ထိခိုက်တာတော့မသိရသေးဘူး။ တခြားသူတွေကျတော့ လေယာဉ်လာတာနဲ့ ပြေးကြတာပေါ့။ လိုင်းပေါ်မှာလည်းတွေ့ဖူးတယ်လေ၊ တရွာလုံးပြာကျသွားတာ။ အဲ့ဒါကြောင့် လေယာဉ်ထပ်လာမှာ ကြောက်တာပေါ့။” ဟု ကေအိုင်စီသို့ပြောသည်။
ရေဖြူမြို့တွင် ပြီးခဲ့သည့် မေလ၁၄ရက်နေ့ နံနက်အစောပိုင်းတွင် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် ပစ်ခတ်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အထိနာသောကြောင့် လေကြောင်းတိုက်ခိုက်မှု ပထမဦးဆုံး စတင်အသုံးပြုခဲ့ပြီး လက်ရှိတွင်လည်း နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ဒေသတွင်းသတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။



















