Home သတင်း စစ်ကောင်စီက ကော့ကရိတ်တောင်ပိုင်းကို လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ပြီး လက်နက်ကြီးပစ်ခတ်၊ နေအိမ်မီးလောင်ပျက်စီး

စစ်ကောင်စီက ကော့ကရိတ်တောင်ပိုင်းကို လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ပြီး လက်နက်ကြီးပစ်ခတ်၊ နေအိမ်မီးလောင်ပျက်စီး

679
Photo: CJ

မေလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်တောင်ပိုင်း ကျေးရွာချင်းဆက်လမ်းမကြီးများကို စစ်ကောင်စီတပ်က မေလ ၁၃ ရက်နေ့တွင် ဖျက်ဆီးဖြတ်တောက်ထားပြီးနောက် ထိုကျေးရွာများဘက် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ပြီး ယမန်နေ့ မေလ ၁၅ရက် နေ့လည်ပိုင်းတွင် နောင်တလာရွာရှိ နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“စစ်တပ်က တောင်ကြာအင်း၊ ကိုးတိုင်၊ ကမိုင်ကုန်း၊ ကျုံဒိုးဘက်အထိ ဟောင်သရော ဟိုဘက် ကမ်း ကနေ ဒီဘက် မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးအာရှလမ်းမကြီးဘက်ကို တော်လှန်ရေးအဖွဲ့တွေ လာလို့ မရအောင်တားထားတဲ့ ပုံစံဖြစ်နေပြီ သူတို့က ကော့ကရိတ်တောင်ပိုင်းရဲ့အတွင်းက တော်လှန်ရေးအဖွဲ့၊ ကရင်အဖွဲ့တွေရှိတဲ့နေရာတွေကို ဝင်မလာတော့ဘဲ လက်နက်ကြီးပဲ ရမ်းပစ်တော့တယ်။ မနေ့က နေ လည်ပိုင်းမှာ နောင်တလာရွာကို စစ်တပ်လက်နက်ကြီးကျပေါက်တာမှာ အိမ်တစ်လုံး မီးလောင်ပျက်စီး သွားတယ်။ အဲ့ဒီအိမ်က လူတွေ စစ်ရှောင်နေတော့ လူထိခိုက်တာတော့ မရှိဘူး”ဟု တောင်ကြာအင်း ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် မေလ ၁၄ ရက်တွင် ကော့ကရိတ်တောင်ပိုင်း ကြာအင်းဆိပ်ကြီး တောင်ကြာအင်း တံတားထိပ်လမ်းမကို ဖျက်ဆီးဖြတ်တောက်ထားပြီးချိန်မှစ၍ စစ်ကောင်စီတပ်သည် လက်နက်ကြီး ပစ်ခတ်မှုများ၊ ဟောင်သရောမြစ်တစ်ဘက်ကမ်းကျေးရွာများတွင် စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲ နေရာယူထားမှုများလုပ်ဆောင်လာသည်ဟု ဒေသခံသတင်းအရင်းအမြစ်များက ပြောသည်။

လတ်တလောတွင် ကော့ကရိတ်ရှိ ခြေလျင်တပ်ရင်း ခလရ ၉၇ တပ်၊ ကိုးတိုင်ကြာအင်းတံတား စစ်က တုတ်၊ ကျုံဒိုးခြေမြန်တပ်ရင်း -ခမရ ၅၄၅/၅၄၆ တပ်များသည် ကော့ကရိတ်တောင်ပိုင်း ကျေးရွာ ဘက်ကို နေ့စဥ် လက်နက်ကြီး အချိန်ခြားပြီး ပစ်ခတ်မှုများဆက်လုပ်ဆောင်နေသည်ဟု ကျုံဒိုး ကော့ဝါလဲဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ဒီရက်ထဲ ကျုံဒိုး ကော့ဝါလဲ၊ နောင်တမံ၊ မိဂလုံ၊ ကမ်းမရိုက်ဘက်ကို လက်နက်ကြီး ပစ်ထုတ်တယ်၊ တစ်ချိန်မဟုတ် တစ်ချိန်ပေါ့၊ ကရင်အဖွဲ့တွေ မြို့ဘက်တက်ပြီး ပစ်တာမျိုး မလာအောင်တော့ အမြဲ ပစ်နေတယ်။ လက်နက်ကြီးနဲ့ပေါ့နော်၊ အဲ့သလိုပစ်တော့ ရွာသား မနေရဲဘူး၊ ရွာက ခြံတွေကုန်းတွေမှာ လည်း သူတို့က ကင်းပုန်းချနေနေတော့ ခြံတွေဘက်လည်း မနေရဲ”ဟု ပြောသည်။

KNU တပ်မဟာ ၆ နယ်မြေ ကျုံဒိုး၊ ကော့ကရိတ်၊ တောင်ကြာအင်း၊ မြဝတီ၊ ဝေါလေဒေသများနှင့် ဘုရား သုံးဆူသံဖြူဇရပ် လမ်းပိုင်းဘက်များတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်-KNLA ပူးပေါင်းတပ်ဖွဲ့စစ်ကြောင်းများ နှစ်ဖက်စစ်ရေးတင်းမာမှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက် လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ် ပြောစကားအရ သိရသည်။