Home သတင်း စစ်ကောင်စီက ကျိုက်ထိုမြို့နယ်အတွင်း ဖြတ်လေးဖြတ်ကို အသက်သွင်းနေကြောင်း တော်လှန်ရေး အင်အားစုများပြော

စစ်ကောင်စီက ကျိုက်ထိုမြို့နယ်အတွင်း ဖြတ်လေးဖြတ်ကို အသက်သွင်းနေကြောင်း တော်လှန်ရေး အင်အားစုများပြော

496
Photo: KHRG

မေလ ၂၄ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်၊ ကျိုက် ထိုမြို့နယ်အတွင်းရှိလမ်းများအား ပြီးခဲ့သည့် မေလတတိယအပတ်မှစ၍ စစ်ကောင်စီက ဖျက်ဆီး မှုများလုပ်ဆောင်နေခြင်းသည် ဖြတ်လေးဖြတ်ကို အသက်သွင်းနေခြင်းဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများက ပြောဆိုလိုက်သည်။

ကျိုက်ထိုမြို့နယ်တွင် မေလ ၁၉ရက်မှ ၂၁ ရက်နေ့အတွင်း စစ်ကောင်စီတပ်က ဖျက်ဆီးလိုက်သော လမ်း စုစုပေါင်း (၅)လမ်းအထိရှိလာပြီဖြစ်သလို ရှေ့ဆက်တွင် တော်လှန်ရေးအင်အားစုများ၏နယ် မြေများ အား လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်လာနိုင်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF ၏ပြန်ကြားရေးတာဝန်ခံက ပြောသည်။

၎င်းက “လမ်းတွေအကုန်လုံးကိုတော့ သူတို့ဖျက်မယ်မထင်ဘူး။ တချို့ သူတို့ကို အန္တရာယ်ပေးနိုင်တဲ့ လမ်းတွေကို ဖျက်ပြီး ထိန်းထားနိုင်မယ်ထင်တဲ့နေရာတွေကိုတော့ မဖျက်လောက်ဘူး။ ပြီးတော့ ဖြတ်လေးဖြတ် အသက်ဝင်လာရင် လေကြောင်းနဲ့တိုက်ခိုက်လာနိုင်တယ်။” ဟု သုံးသပ်ပြောဆိုသည်။

ထို့အပြင် လတ်တလောတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုနယ်မြေအချို့တွင် စစ်ကောင်စီဘက်မှ လေကြောင်းပျံဝဲခြင်းများ လုပ်ဆောင်လာကြောင်းလည်း ကေအဲန်ယူ သတင်းအရင်းအမြစ်များမှ သိရသည်။

Photo: CJ

တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း “ဖြတ်လေးဖြတ်ဆိုတာ ဟိုးအရင်ကတည်းက နယ်မြေအ တော်များများမှာ သူတို့လုပ်လာတာတွေပါ။ လောလောဆယ်ကတော့ လမ်းဖျက်တာပဲရှိသေးတယ်။ ဒါပေမယ့် လမ်းဖျက်တာနဲ့ ရိက္ခာပါပြတ်ပြီးသားဖြစ်သွားပြီလေ။ နောက်တစ်ခုက မြို့တွေမှာ အင်အားပြန်တည်ဆောက်ဖို့ လုပ်နေတယ်လို့ မြင်တယ်။ အဲ့ဒါကြောင့်လည်း သူတို့ စစ်တပ်ဝင်း တွေနဲ့နီးတဲ့လမ်းတွေကို ဖျက်ဆီးနေတာပါ။” ဟု သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီ၏ အဆိုပါလုပ်ရပ်များကြောင့် အဓိကအားဖြင့် ဒေသအတွင်း ကုန်စည်စီးဆင်းမှုထိခိုက် ပြီး အရပ်သားများ၏ သွားလာရေးနှင့်အလုပ်လုပ်ကိုင်ရာတွင် ခက်ခဲမှုများရှိလာသလို ဆန်သယ် ဆောင်ခွင့်ကန့်သတ်ခြင်းနှင့်စားနပ်ရိက္ခာပြတ်လပ်မည့်အရေး စိုးရိမ်ပူပန်နေကြကြောင်း ကျိုက်ထိုမြို့ခံများက ပြောသည်။

အလားတူ ယခုလအတွင်း ကေအဲန်ယူ တပ်မဟာ(၆)ထိန်းချုပ်နယ်မြေဖြစ်သော ဒူးပလာ ယာခရိုင် တွင်လည်း စစ်ကောင်စီက လမ်းများဖျက်ဆီးခဲ့မှုကြောင့် ဒေသခံများ၏ ကူးသန်းရောင်းဝယ်ရေးနှင့် ဖြတ်သန်းသွားလာရေး အခက်ကြုံလာရသလို တပ်မဟာ(၂)ထိန်းချုပ်နယ်မြေ သံတောင် ဒေသနှင့် တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ ကျောက်ကြီးမြို့နယ်တွင်လည်း စားနပ်ရိက္ခာနှင့် ဆေးဝါးများ သယ်ဆောင်ခွင့်ကန့်သတ်ခြင်း၊ လျှပ်စစ်မီးဖြတ်တောက်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။