ဧပြီလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိကျေးရွာများတွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပေါ်နေသော်လည်း မြို့တွင်း သင်္ကြန်ပွဲတော် ကျင်းပရန် ရပ်ကွက်နေ ပြည်သူများထံ အာဏာသိမ်းစစ်ကောင်စီ လက် အောက်ခံ တာဝန်ရှိသူများက အလှူငွေများ လိုက်လံကောက်ယူနေကြောင်း မြို့ခံလူထုအချို့၏ ပြောဆိုမှုအရ သိရသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင် ကိုယ်စားလှယ်များသည် အာဏာမသိမ်းခင်ကာလက သင်္ကြန် ပျော်ပွဲရွှင်ပွဲအတွက် ပေါ်ပေါ်ထင်ထင် အလှူငွေကောက်ခံခဲ့သော်လည်း ယခုအာဏာသိမ်းကာလအတွင်း ပေါ်ပေါ် ထင်ထင်ကောက်ခံတာမျိုးမဟုတ်ဘဲ ရပ်ကွက်ရုံးသို့ခေါ်ဆောင်ကာ အလှူငွေများကို ပိုင်ဆိုင်မှု အပေါ်ကြည့်ပြီး အတင်းအကြပ်ငွေများကောက်ခံနေသည်ဟု မြို့ခံတစ်ဦးက ပြောသည်။
“အာဏာမသိမ်းခင်ကာလကဆိုရင်တော့ ထည့်ပျော်တာပေါ့။ နိုင်ငံရေးအခြေနေကလည်း ကောင်းတယ်။ စီးပွားရေးလည်းကောင်းတယ်လေ။ အခုကကျတော့ စီးပွားရေးလည်း အဆင်မပြေတဲ့ကာလ သူတို့ တောင်း သလောက်ပေးနေရတယ်။ ဥပမာ ဆိုင်ကယ်တစ်ခါလာပြင်ရင် ငါးရာတစ်ထောင် အများဆုံးရတာ။ သူတို့က ငါးထောင်ထည့်ခိုင်းရင်ဘာနဲ့ သွားပေးရမလဲ။” ဟု ကေအိုင်စီသို့ ပြောသည်။
ထိုသို့ ကောက်ခံရာတွင် နေအိမ်တန်းလျားပိုင်ရှင်နှင့် အသေးစားလုပ်ငန်းလုပ်ကိုင်သူများကို အဓိက ထားကောက်ခံလျက်ရှိပြီး ကျပ်ငွေငါးထောင်မှစတင်ကာ သုံးသောင်းကျပ်နှင့်အထက် ငါးသောင်းအထိ မထည့်မနေရပေးဆောင်နေရကြောင်းလည်း နေအိမ်တန်းလျားပိုင်ရှင် များနှင့် အသေးစားလုပ်ငန်း လုပ်ကိုင်သူများ ပြောစကားအရ သိရသည်။
မြဝတီမြို့ပြင်အနီး ကျေးရွာများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ၍ မြို့အနီးကျေးရွာ ၃ ရွာက စစ်ဘေးရှောင် (၃,၀၀၀) ကျော်မှာ ယာယီစစ်ဘေးရှောင် စခန်းများတွင်နေထိုင်နေကြရပြီး စားဝတ်နေ ရေးနှင့် ကျန်းမာရေး ပြုစုစောင့်ရှောက်မှု အခက်အခဲကြုံနေရချိန် မြို့တွင်းသင်္ကြန်ပြုလုပ်ရန် စစ်ကောင်စီ ၏ ကြိုးပမ်းမှုအပေါ် စစ်ဘေးရှောင် ကူညီပေးသူ တစ်ဦးက ယခုလို ပြောသည်။
“အခုလို ပွဲတော်ကျင်းပတယ်ဆိုတာက ကောင်းတယ်ဆိုပေမဲ့ အခြေအနေနဲ့ အချိန်အခါကို ကြည့်သင့်တယ်။ ပြီးတော့ တိုက်ပွဲဖြစ်နေတာက မြို့နဲ့ဘယ်လောက်မှ ဝေးတာမဟုတ်ဘူးလေ။ ပြီးတော့ စစ်ရှောင်တွေကို ရိက္ခာသွားလှူတဲ့နေရာမှာလည်း လူနာတင်ယာဉ်တွေကလည်း ထွက်လို့မရဘူး စစ်ကောင်စီက ပစ်မိန့်ထုတ်ထားတာဆိုတော့။ သွားရလာရတာ ခက်ခဲတယ်။ ဒီလိုတွေဖြစ်နေတာတောင် သူတို့က သင်္ကြန်ကိုမဖြစ်ဖြစ်အောင် လုပ်နေတာ။” ဟု ၎င်းက ကေအိုင်စီ သို့ပြောသည်။
ပြီးခဲ့တဲ့ မတ်လ လကုန်ပိုင်းကလည်း မြဝတီမြို့အနီး ကျေးရွာများဘက်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပါင်းတပ်ဖွဲ့ကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ကာ မဲကနယ်ကျေးရွာ၊ ဖားချောင်းကျေးရွာနှင့် သင်္ဃန်းညီနောင်ကျေးရွာမှ စစ်ဘေးရှောင်များသည် မြဝတီမြို့တွင်းက ဘုန်းကြီးကျောင်းများ နှင့်အခြား နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ယာယီစစ်ရှောင်နေရပြီး အခြေခံစားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။



















