ဧပြီလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ဗိုလ်ချုပ်နယ်ဒါးမြဦးဆောင်သည့် ကော်သူးလေအာမီ-KTLA ကို နယ်မြေအတွင်း အခြေချလှုပ်ရှားခွင့်ပြုမည်မ ဟုတ်ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ တပ်မဟာ(၇)နယ်မြေက ယမန်နေ့ ဧပြီလ ၁၁ ရက် နေ့စွဲဖြင့် ကြေညာချက်ထုတ်ကာ ပြောဆိုထားသည်။
ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့တွင် ဗိုလ်အယ်စေးဝါး ဦးဆောင်သည့် -KTLA တပ်ဖွဲ့ဝင်များသည် တပ်မဟာ (၇) နယ်မြေအတွင်းရှိ ရွှေကုက္ကိုလ်အနီးကျေးရွာများထဲသို့ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုကြောင့် ကရင့်လက်နက်ကိုင် စည်းလုံး ညီညွတ်ရေးကို ပျက်စီးအောင်ကြိုးပမ်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ကေအဲန်ယူ ဖားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးက“ဖားအံခရိုင် လူထုကတော့ သိပြီးသားပါ။ စစ်ပွဲကိုမလိုလားဘူးလေ။ ရည်မှန်းချက်ပန်းတိုင်ကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ အဖြေ ရှာပြီး ချီတက်မယ်။ နောက်တစ်ခုကတော့ နယ်ကျွံပြီးလာစရာအကြောင်း မရှိဘူးလေ။ သို့သော် နယ်ကျွံလာပြန် ရင်တော့ တွန်းထုတ်ရမှာပဲ။ လူထုအနေနဲ့လည်း စစ်ပွဲမဖြစ်အောင် ဝိုင်းထိန်းကြဖို့ ပြောပြချင်ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ကေအဲန်ယူမှခွဲထွက်ခဲ့ပြီး အစုလိုက်အပြုံလိုက် လူသတ်မှု ကျူးလွန်ခဲ့သည့်သူမှ ဦးဆောင်နေသည့် ကော်သူလေ Army (KTLA)လက်နက်ကိုင်အဖွဲ့သည် (UCKAG) ကရင့်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးအဖွဲ့ အစည်းများ၏ စည်းလုံးညီညွတ်မှုကို ပျက်စီးအောင် ကြိုးပမ်းနေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
“ကရင့်လက်နက်ကိုင်များအတွင်း နိုင်ငံရေးသဘောတရား အားနည်းတဲ့သူတွေကို လိုက်စည်းရုံးပြီး စစ်တိုက်ခိုင်းတော့စစ်ဟာဖြစ်လာမယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့နားလည်မှုလွဲမှားပြီး ရန်ပြုတိုက်ခိုက်လာ ပါက ညီညွတ်ရေးကိုပျက်စီးစေတာပေါ့။”ဟု ပဒိုစောအောင်မော်အေးက ဆက်လက်ပြောဆိုသည်။
ဆက်လက်၍ ကေအဲန်ယူ ဖားအံခရိုင်၏ ထုတ်ပြန်တွင် KTLA အနေဖြင့် တိုက်ပွဲအတွင်း ကျေးရွာလူနေအိမ်များကို ဖျက်ဆီးခြင်း၊ ပစ္စည်းဥစ္စာများကို လုယူခြင်းများ ကျူးလွန်ခဲ့ကြောင်းလည်း စွပ်စွဲရေးသားပြောဆိုထားသည်။

ဖားအံခရိုင်ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး KTLA ကို ဦးဆောင်သူ ဗိုလ်ချုပ်စောနယ်ဒါးမြက “အခုအချိန်က စစ်တပ်ကို စည်းစည်းလုံးလုံးနဲ့ တိုက်ရမယ့်အချိန်လေ။ ပုဂ္ဂိုလ်စွဲ၊ နာမည်စွဲနဲ့ပဲ ကိုယ့်နေရာမှာပဲ ကိုယ်လုပ် မယ်ဆိုရင် ရန်သူကို ဘယ်လိုနိုင်မှာလဲ။ အတူတကွ ပူးပေါင်းပြီးမှ နေရာချထားရမှာ။ အခုက ရန်သူက ကိုယ့် ဒေသမှာ အပြည့်ရှိနေတာ။”ဟု ကေအိုင်စီသို့ မှတ်ချက်ပြုပြောဆိုသည်။
ထို့အပြင် ကေအဲန်ယူ ဖားအံခရိုင်၏ ထုတ်ပြန်ချက်ပါ KTLA မှ ကျေးရွာအတွင်းနေအိမ်များ ဖျက်ဆီးခြင်း၊ ပစ္စည်း များလုယူမှုများကျူးလွန်ကြောင်း ရေးသားဖော်ပြမှုနှင့်ပတ်သက်ပြီး ၎င်းအနေဖြင့် အခြေအနေကို မေးမြန်းစုံစမ်း ခြင်းမပြုရသေးကြောင်းနှင့် ထိုသို့ ပြုမူလုပ်ဆောင်မည်မဟုတ်ကြောင်းလည်း စောနယ်ဒါးမြက ဆက်ပြောသည်။
ယခုလ ၅ ရက်နေ့မှစ၍ ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာရွှေကုက္ကိုလ်မြို့သစ်အနီးတွင် ဗိုလ်အယ် စေးဝါးဦးဆောင်သည့် ကော်သူးလေအာမီ(KTLA)ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် BGF ဂိတ်စ ခန်းများကို ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့မှု လုပ်ဆောင်ခဲ့သည်။ အဆိုပါ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း BGF ဘက်မှအထိအခိုက်အကျအဆုံးများခဲ့ပြီး လက်နက်တချို့လည်း သိမ်းဆည်းခံလိုက်ရသည်ဟု ကော်သူးလေအာမီ-KTLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် BGF တပ်ဖွဲ့ဘက်မှ ပြန်လည်ပိတ်ဆို့တိုက်ခိုက်၊ နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေခြင်းကြောင့် ဗိုလ်အယ် စေးဝါးဦးဆောင်သည့် KTLA တပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာခဲ့ပြီး ၎င်းတို့ တပ်ဖွဲ့ဝင်တချို့ကိုလည်း အသေဖမ်းဆီး ပစ်ခတ်ခံခဲ့ရကာ လက်နက်တချို့နှင့် မော်တော်ယာဉ်များပါ သိမ်းဆည်းရမိကြောင်း BGF တပ်ဖွဲ့ ရိုက်ကူးထားသည့် ရုပ်သံအရ တွေ့ရှိရသည်။
ထိုသို့ ပြန်လည်ဆုတ်ခွာသွားရာတွင် KNU တပ်မဟာ (၇) ဗျူဟာမှူးနှင့် တပ်မဟာမှူးတို့မှ lion Battalion စစ်ကြောင်း အပါအဝင် တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များကို KNU/ KNLA (PC)၊ BGF တို့နှင့် ပူးပေါင်း ကာ ထောင်ဖမ်းရန်စီစဥ်ခဲ့ကြောင်း ခိုလှုံလာသည့် BGF တပ်ဖွဲ့ဝင်များကို လက်နက်နှင့်တကွ မိခင်တပ်ရင်း များထံသို့ ပြန်အပ်ပြီး PDF များကို အပြင်မထွက်ရန်ထိန်းချုပ်ခဲ့ကြောင်း နွေဦးအသံ (The Voice of Spring) လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
ထိုသို့ ရေးသားဖော်ပြမှုကြောင့် ကရင်လူထုများအပါအဝင် တော်လှန်ရေးကို ထောက်ခံအားပေးသည့် လူထုများ အကြားသဘောထားများ ကွဲလွဲခဲ့ကြသလို KNU တပ်မဟာ (၇)အပေါ် အပြင်းအထန်ဝေဖန်ပြောဆိုသူများလည်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့ခဲ့ခြင်းကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုစစ်ဌာနချုပ်က တပ်မဟာ(၇)အပေါ် စွပ်စွဲပြောဆိုနေမှုများနှင့် ပက်သက်၍ ဧပြီလ ၁၀ ရက်နေ့က အသိပေးစာ ပြန်လည်ထုတ်ပြန်ခဲ့သေးသည်။



















