Home သတင်း နှစ်ဖက်တိုက်ပွဲအပြီး ရွှေကုက္ကိုလ်ဒေသ အဝင်အထွက်များကို လုံခြုံရေးတင်းကြပ်စွာ ချထားလျက်ရှိ

နှစ်ဖက်တိုက်ပွဲအပြီး ရွှေကုက္ကိုလ်ဒေသ အဝင်အထွက်များကို လုံခြုံရေးတင်းကြပ်စွာ ချထားလျက်ရှိ

1817
Photo: CJ

ဧပြီလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့မြောက်ဘက်၊ ရွှေကုက္ကိုလ်မြို့သစ်အနီးတွင် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီ၊ နယ်ခြား စောင့် တပ်- BGF ပူးပေါင်းတပ်တို့အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲ ပြန်လည်ငြိမ်သက်နေ သော်လည်း ရွှေကုက္ကိုလ်ဒေသရှိ အဝင်အထွက်များကို BGF တပ်များက လုံခြုံရေးတင်းကြပ်စွာချထား လျက်ရှိကြောင်း ဖြတ်သန်းသွားလာ လုပ်နေသူများက ပြောသည်။

အဆိုပါ ရွှေကုက္ကိုလ်ဒေသနှင့်အနီးအနားဝန်းကျင်ကျေးရွာများတွင် နှစ်ဖက်တိုက်ပွဲပြန်လည် ငြိမ် သက်သွား ပြီးနောက် စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်များက ရွှေကုက္ကိုလ်ဒေသအတွင်းသို့ စစ်ရေးအရှိန်မြှင့်လာမည်စိုးရိမ်မှုကြောင့် အသွားအလာအဝင်အထွက်လမ်းများကို စစ်ဆေးရေးဂိတ်များ တိုးချဲ့ကာ စစ်ဆေးမှုများပြု လုပ်နေသည်ဟု အသွားအလာလုပ်နေသူတစ်ဦးက ယခုလိုပြောသည်။

“တောင်ကုန်းတွေတိုင်းမှာ တပ်ရှိတယ်။ ကုက္ကိုလ်အဝင်ကို ၆ ဂိတ်လောက်ပိတ်ထားတယ်။ ၆ ဂိတ်လုံးက တောင်ထိပ်မှာ ကုန်းထိပ်တွေရှိတယ်။ တိုက်ပွဲမဖြစ်ခင်ကတော့ အစစ်အဆေးအခုလိုမရှိဘူး။ မြို့ထဲမ ရောက်ခင် ဂိတ်က ၅ ဂိတ်လောက်အဝင်ထပ်စစ်တယ်။ ပြီးတော့ ဂိတ်တစ်ခုစီတိုင်းမှာ ကင်းတဲ၊ ကတုတ် တွေနဲ့မျှော်စင်တွေ လုပ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွှေကုက္ကိုလ်ထဲမှာ တိုက်ပွဲဖြစ်မှာစိုးလို့ ကြိုတင်ကာကွယ်တဲ့သဘောပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ရွှေကုက္ကိုလ်တွင်လည်း အချိန်အကန့်အသတ်ဖြင့်သာ သွားလာခွင့်ပြုထားပြီး နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့များက အသွားအလာယာဉ်များနှင့် ပြည်သူများကို မှတ်ပုံတင်များနှင့် အိမ် ထောင်စုစာရင်း များကိုပါ အစစ်အဆေးတင်းကြပ်ထားကြောင်း ခရီးသွားများက ပြောသည်။

အလားတူ တိုက်ပွဲပြန်လည်ငြိမ်သက်နေခြင်းကြောင့် နေရပ်ရှောင်သူများ မိမိနေရပ်သို့ ပြန်လည် ဝင် ရောက် နေထိုင်နေကြပြီး တိုက်ပွဲဖြစ်ပွားခဲ့သည့် အရှိန်ကြောင့် ၎င်းဒေသအတွင်းရှိ ရပ်ကွက်စျေးဆိုင် များတွင် အခြေခံစားသောက်ကုန်များစျေးမြှင့်တက်မှုများရှိလာကြောင်း နေရပ်ပြန်လည်နေထိုင်သည့် ရွာသားတစ်ဦးက ယခုလို ပြောသည်။

“ရပ်ကွက်ထဲမှာစျေးဝယ်တာ အရင်က ၆ ပြည်အိတ်ဆို ဘတ် ၂၇၀ ပဲရှိတယ်။ အခုဆို ၃၅၀၊ ၄၀၀ ဖြစ်နေပြီး။ အရင်က ကြက်ဥတွေတစ်လုံး ၅ ဘတ် အခုဆို ၁၀ ဖြစ်နေပြီး။ ဆန်တွေတောင်ဝယ် မရတော့ဘူး။ တရုတ်တွေကတော့ ပါဆယ်မှာစားတာများတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ရွှေကုက္ကိုလ်ဒေသ အဝင်အထွက်များကို စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်BGF ပူးပေါင်းတပ်များက လုံခြုံ ရေးတိုးမြှင့်ကာ စစ်ဆေးမှုများ တင်းကြပ်နေသော်လည်း ၎င်းဒေသတွင် ညဘက်ယိမ်းအက ကခြင်း များနှင့် နှစ်သစ်ကူးအတာ သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခြင်းများ ပြုလုပ်လျက်ရှိနေကြောင်း ရွာသား တစ်ဦးက ပြောသည်။

“တိုက်ပွဲမစခင်က မြို့အဝင်မှာ သင်္ကြန်မဏ္ဍပ်တွေဆောက်နေတာ အများကြီးပဲ။ ပျော်ပွဲတွေရောပဲ မြို့အဝင်နားမှာများတယ်။ ညလည်းမြို့ထဲနာရီစင်နားမှာ မီးအရောင်စုံတွေနဲ့ ယိမ်းကနေတယ်။ အခုလောလောဆယ် ဗဟိုမဏ္ဍပ်နဲ့ မြို့အဝင်မဏ္ဍပ် ၄ ခုလောက်ရှိတယ်။ တရုတ်ဆိုက်ထဲမှာတော့ မတွေ့မိဘူး” ဟုပြောသည်။

ယမန်နေ့ကလည်း ရွှေကုက္ကိုလ်ဒေသနှင့် နီးစပ်သည့် မြဝတီမြို့အနီး မဲကနယ်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်များက လေယာဉ်ဖြင့် ဗုံးကြဲချ တိုက်ခိုက်မှုပြုလုပ်ခဲ့သေးသည်။