Home သတင်း ကော့ကရိတ်၊ ကြောင်လျှာကုန်းရွာကို စစ်တပ်နှင့် BGF များ ပစ်ခတ်၀င်ရောက်ပြီး နေအိမ်မီးရှို့ဖျက်ဆီးမှုလုပ်ဆောင်

ကော့ကရိတ်၊ ကြောင်လျှာကုန်းရွာကို စစ်တပ်နှင့် BGF များ ပစ်ခတ်၀င်ရောက်ပြီး နေအိမ်မီးရှို့ဖျက်ဆီးမှုလုပ်ဆောင်

711
Photo: CJ

ဧပြီ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့ ဒေါနတောင် လမ်းဟောင်းဘက်ရှိ ကြောင်လျှာကုန်းကျေးရွာကို ဧပြီလ ၂ ရက်က ဖားအံ တပ်မ ၂၂ က စစ်ကူတက်လာသည့် စစ်ကောင်စီတပ် စစ်ကူစစ်ကြောင်းနှင့် နယ်ခြားစောင့်တပ် – BGF များ ပစ်ခတ်၀င်ရောက်ပြီးနောက် ဒေသခံကျေးရွာသားများ၏နေအိမ် ၁၀ လုံးခန့်ကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံရွာသားများက ပြောသည်။

“ကြောင်လျှာကုန်းမှာ ၁၀ နာရီလောက် စစ်တပ်နဲ့ BGF တွေ အင်အား ၁၀၀ လောက်၀င်လာတယ်။ လက်နက် အကြီး/အသေးတွေနဲ့ ရမ်းပစ်တယ်။ အိမ် ၁၀လုံးလောက် မီးရှို့တယ်။ ကရင်အမျိုးသမီး တစ်ယောက် ဖမ်းထားတယ်။ သူတို့ ၂၆ ရက်က KNLA အဖွဲ့တွေ လာပစ်ပြီး မီးရှို့ခံရတဲ့ BGF တွေ ဆုတ်ပြေးသွားတဲ့ စခန်း၀င်းကို ပြန်၀င်ရှင်းတယ်။ ရွာက အိမ်တွေ၀င်ရှာတယ် ၀င်စစ်တယ်။ ရွာသားက ကြိုရှောင်နေတာ ပြန်မရဲသေးဘူး ”ဟု ကြောင်လျှာကုန်း ရွာသားက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်က ကော့ကရိတ်မြို့ပြင်ရှိ စစ်ကောင်စီတပ်၊ BGF စစ်ကတုတ်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းစစ်ကြောင်းများ ၀င်ရောက် တိုက်ခိုက် မီးရှို့ရှင်းလင်းမှုများလုပ်ဆောင်ခဲ့အပြီး စစ်ကောင်တပ်က ကျေးရွာများဘက်သို့ လက်နက်ကြီးများနေ့စဉ် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ကျေးရွာသားများ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ပိုများလာနေသည်ဟု သိရသည်။

ထို့အပြင် ကော့ကရိတ်မြို့တွင်း စစ်ကောင်စီ အုပ်ချုပ်ရေးရုံးဌာနများ၊ စစ်တပ်လုံခြုံရေးကင်းစခန်း နေရာများ မတိုက်ခံရအရေး ၊ KNLA ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီး ပစ်ခတ် မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် ကျေးရွာ နေအိမ်များထိခိုက်ပျက်စီးမှု၊ လူထိခိုက်မှုများ ဆက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့ ဧပြီလ ၂ရက်နေ့တွင် ဖားအံအခြေစိုက် စစ်ကောင်စီ တပ်မ ၂၂ မှ စစ်သားစစ်ကူနှင့် လက်နက်ခဲယမ်းများအပြည့် တင်ဆောင်ထားသည့် စစ်ကား ၁၀ စီးခန့်သည် ကျုံဒိုး၊ ကော့ကရိတ်၊ မြ၀တီစစ်တပ် စခန်းများဘက် အင်အားတိုးပို့ဆောင်မှုများ လုပ်ဆောင်နေသည်ကို တွေ့မြင်ခဲ့ရသည်ဟု ဖားအံမြို့ တပ်မ ၂၂ စစ်တပ်စခန်းအနီး နေထိုင်သူများက ပြောသည်။

“လူအပြည့် လက်နက်အပြည့်၊ ကျည်ပုံးတွေအပြည့်နဲ့ မနက်ပိုင်းက တစ်ခေါက်ထွက်တယ်၊ ညနေပိုင်း တစ်ခေါက်ထွက်တယ်၊ ကားတန်းနဲ့ ၁၀ စီးကျော်လောက်ရှိမယ်၊ ကော့ကရိတ်၊ ကျုံဒိုးဘက်ကို။ ဒီနေ့ တော့ ကော့ကရိတ်၊ ကျုံဒိုးဘက်က BGF တွေ နဲ့ ပေါင်းပြီး နေရာချနေပြီ”ဟု ကျုံဒိုး
စစ်ရေးအခြေအနေသိသူ သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

KNLA ပူးပေါင်းစစ်ကြောင်းကြီး ၃ ခုမှ မြ၀တီ၊ ကော့ကရိတ်နှင့် ကျုံဒိုးဒေသအတွင်း စစ်ကောင်စီ စစ်ကင်းစခန်းများ၊ ရဲကင်းစခန်းများ၊ BGF ကင်းစခန်းများနှင့် ငွေတောင်းခံသည့် ဂိတ်များအား မတ်လ ၂၅ ရက်မှ မတ်လ ၃၁ ရက်နေ့အထိ ဝင်ရောက်တိုက်ခိုက် စီးနင်းမှုများ လုပ်ဆောင်ခဲ့သည်။

ထိုသို့လုပ်ဆောင်ခဲ့အပြီး စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်များမှ KNLA ပူးပေါင်းတပ်များ ထပ်မံ စစ်ရေးလှုပ်ရှားလာမည့် နေရာများဘက်သို့ လေကြောင်းမှ တိုက်ခိုက်ခြင်း၊ မြေပြင်လက်နက်ကြီး နေရာစုံသို့ ရမ်းသမ်းပစ်ခတ်ခြင်းများ နေ/ည မပြတ် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။