Home သတင်း စစ်ကောင်စီတပ်က လက်နက်ကြီးများတပ်ဆင်ကာ တပ်စွဲထားသဖြင့် ဘီးလင်းဒေသခံများ စိုးရိမ် ထိတ်လန့်နေရ

စစ်ကောင်စီတပ်က လက်နက်ကြီးများတပ်ဆင်ကာ တပ်စွဲထားသဖြင့် ဘီးလင်းဒေသခံများ စိုးရိမ် ထိတ်လန့်နေရ

1161
Photo: CJ

ဧပြီလ ၃ ရက်၊ ၂၀၂၃ ခုနှစ်။‌ ကေအိုင်စီ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ် အလူးကြီး၊ အလူးလေး၊ ဝင်းပြန်အစရှိသည့် ကျေးရွာ များတွင် ပြီးခဲ့သည့် မတ်လ(၃၁)ရက်နေ့က စစ်ကောင်စီတပ်များ လက်နက်ကြီးများတပ်ဆင်ကာ ဝင်ရောက်တပ်စွဲထားသဖြင့် ဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့်နေကြရသည်ဟု သိရသည်။

စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် မတ်လ(၂၉)ရက်နေ့က စစ်ကား(၂၃)စီးဖြင့် ကျိုက်ထို ဘက်မှဆင်းလာစဥ် အလူးကျေးရွာအနီးအရောက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရပြီးနောက် အင်အားထပ်မံဖြည့် တင်းကာ အဆိုပါကျေးရွာများတွင် ထိုကဲ့သို့ လက်နက်ကြီးများတပ်ဆင်ပြီး တပ်စွဲထား ခြင်းဖြစ် ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

ထိုသို့ စစ်ကောင်စီတပ်များ ကျေးရွာများတွင် အထိုင်မချခင် အလုံတောင်သီလရှင်ကျောင်း၌ တပ်စွဲ၍ လက်နက်ကြီးထားရှိရန် စီစဥ်သော်လည်း သက်ဆိုင်ရာ ရပ်မိရပ်ဖများနှင့် ညှိနှိုင်းရအဆင်မပြေသဖြင့် အဆိုပါ ကျေးရွာများသို့ ပြောင်းလဲအထိုင်ချကာ ညောင်ထောက်၊ ဖိုးဝသိမ်၊ ကျောက်လုံးကြီး၊ ကရ ဝေးဆိပ်၊ ငှက်ပျောတော၊ ရှမ်းစုနှင့် သရက်ကုန်းရွာများဘက်သို့ လက်နက်ကြီးများကို ဦးတည်ထား ရှိသည့်အတွက် ဒေသခံများအနေဖြင့် စိုးရိမ်ကြောက်လန့်နေရကြောင်း ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ဒီအချိန်ကာလမှာ ကျနော်တို့က တောင်ထန်းခုတ်ပြီး အသက်မွေးရတယ်။ တောင်ထန်းခုတ်၊ ဝါးခုတ်တို့ဆို အနီးအနားတစ်ဝိုက်မှာ စစ်ကောင်စီက ကင်းပုန်းဝပ်ပြီးနေနေတော့ ကြောက်ပြီး အလုပ်မလုပ်နိုင်ဘူး။ ညဘက်တွေဆိုရင်လည်း ဘယ်အချိန် လက်နက်ကြီးနဲ့များပစ်မလဲဆိုပြီး ထိတ်ထိတ်လန့်လန့်နဲ့နေနေရတယ်။” ဟု ကေအိုင်စီသို့‌ပြောသည်။

Photo: CJ

ယခုအချိန်တွင် ကုန်ဈေးနှုန်းတက်သည့်အချိန်ဖြစ်၍ နေ့ဘက်တွင် စားဝတ်နေရေးအတွက် ကောင်းစွာအလုပ်လုပ်ကိုင်နိုင်ခြင်းမရှိ၊ ညဘက်တွင်လည်း လက်နက်ကြီးရန်ကြောက်လန့်သဖြင့် အိပ်ကောင်းခြင်းမအိပ်ရသည့်အခါ ဒေသခံများ၏ လူနေမှုဘဝရပ်တည်ရေးကို များစွာထိခိုက် လာကြောင်းလည်း အဆိုပါဘီးလင်းဒေသခံက ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ကာကွယ်ရေးတပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ကင်းပုန်း ဝပ်၍ ပစ်ခတ်တိုက်ခိုက်ခြင်းများခံရလျှင် ဒေသခံများ၏ ရာဘာခြံများ၊ ဝါးခြံများအား ပစ်မှတ်ထား မီးရှို့ဖျက်ဆီးခြင်းများရှိလာသည့်အတွက် ၎င်းလုပ်ငန်းများဖြင့် အသက်မွေးရသည့် ဒေသခံများ အနေဖြင့် ဆုံးရှုံးမှုများစွာ တွေ့ကြုံခံစားရကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

အဆိုပါဒေသခံက “ဝါးပင်တစ်ပင်ရဖို့ဆိုတာလည်း အနည်းဆုံးနှစ်နှစ် သုံးနှစ်ထိစောင့်ရတယ်။ သူတို့ တွေက ဒီလိုတွေလုပ်လိုက်တော့ စိတ်ထဲမကျေနပ်ဘူးဆိုရင်တောင် ဘာမှပြန်ပြောပိုင်ခွင့်မရှိတဲ့ အနေအထားတွေပေါ့။ ဒီအချိန်ကာလမှာ တောင်ထန်းခုတ်လို့ငွေပေါ်ရင် စားဝတ်နေရေး ဖြေရှင်းနိုင် မယ်လေ အခုအလုပ်ကောင်းကောင်းမလုပ်ရတော့ အဆင်မပြေဘူးလေ။” ဟု ပြောသည်။

အလားတူ ပြီးခဲ့သည့် မတ်လဒုတိယအပတ်မှစ၍ စစ်ကောင်စီတပ်များသည် ဘီးလင်းမြို့နယ် ငှက်ပျောတော၊ ဝင်းကလော၊ ကရဝေးဆိပ်နှင့် တဂေးချောင်းဖျားကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ (၃၀၀၀)သုံးထောင်ကျော် ဘေးလွတ်ရာတောတောင် များတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသတွင်းမီဒီယာအချို့တွင် ဖော်ပြထားသည်။