Home သတင်း ကော့ကရိတ်-မြဝတီအာရှလမ်းတွင် ကားများ ပုံမှန်ပြန်လည် သွားလာမှုပြုနေသော်လည်းငွေကြေး တောင်းခံမှုများ ရှိနေ

ကော့ကရိတ်-မြဝတီအာရှလမ်းတွင် ကားများ ပုံမှန်ပြန်လည် သွားလာမှုပြုနေသော်လည်းငွေကြေး တောင်းခံမှုများ ရှိနေ

1019

ဧပြီလ၂၅ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီဘက်မှ အရပ်သားကား အသုံးပြုသွားလာမှုများကို ဟန့်တားသည့်အနေဖြင့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များဘက်က ယခုလ ၂၁ ရက်နေ့အထိ သွားလာမှု ပိတ်ထားရာ လတ်တလော တွင် ပိတ်ရက်ပြည့်၍ ကာများ ပုံမှန် ပြန်လည် သွားလာမှုပြုနေသော်လည်း စစ်ကောင်စီ နှင့် နယ်ခြား စောင့်တပ် (BGF) တပ်ဖွဲ့ဝင်များ၏ ဂိတ်များတွင် ငွေကြေး တောင်းခံမှုများ ပြုလုပ်နေကြောင်း ကော့ကရိတ်မြို့ခံ ယာဉ်မောင်းများကပြောသည်။

တော်လှန်ရေးအင်အားစုများဖြစ်သည့် ပူးပေါင်းစစ်ကြောင်းအဖွဲ့များသည် ဧပြီလ ၇ရက်‌နေ့မှ ဧပြီလ၂၁ရက် နေ့အထိ ကော့ကရိတ်-မြဝတီ အာရှလမ်းကို ပြည်သူများ မသွားလာကြရန် အမိန့်ထုတ်ပြန်ရက် ပြည့်ပြီး နောက်တွင် ကားများ ပုံမှန်သွားလာနေကြသော်လည်း စစ်ကောင်စီလက်အောက်ခံတပ်များသည် လမ်းတစ် လျှောက်ဂိတ်များတွင် ငွေကြေးကောက်ခံနေကြောင်း ကုန်ပစ္စည်းသယ် ယာဉ်မောင်းတစ်ဦးက ယခုလို ပြောသည်။

“ကား‌ တွေအများကြီးပဲ ပုံမှန်သွားလာနေကြပြီး။ ဂိတ်‌တွေလည်းများလာတယ်။ မြဝတီထွက်တာနဲ့ပိုက်ဆံ‌ ကောက်တဲ့ ဂိတ်တွေအများကြီးပဲ။ တစ်လမ်းလုံး‌ ပေးနေရတယ်။ ဇုန်မှာဆိုအများဆုံးပဲ။ နီးနီးလေးပဲ။ BGFတွေ ရဲတွေ စစ်သားတွေ ပိုက်ဆံပေးနေရတယ်။ လုံခြုံရေးယူလိုလို ဘာလိုလို ပိုက်ဆံတောင်းသက်သက်ပဲ” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် တော်လှန်ရေးအင်အားစုများသည် ကော့ကရိတ်-မြဝတီအာရှလမ်း အသုံးပြုသွားလာမှု သတ်မှတ်ထား သည့်ရက်များပြည့်သော်လည်း ပြည်သူများ သတိဖြင့် အခြေနေကို နားစွင့်သွားလာကြရန် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့ ကျားဖြူစစ်ကြောင်းမှူး ဗိုလ်ကျော်သက်က ယခုလို သတိပေး ပြောဆိုသည်။

“ပိတ်တဲ့ရက်‌တော့ပြည့်ပြီး။ ပြည်သူတွေလည်းသွားလာကြတယ်။ ရန်သူလည်းလမ်းမှာရှိတယ်။ လမ်းပိတ်ရက် ပြည့်လည်းတိုက်ပွဲကမပြီးဆုံးသေးတဲ့အတွက် ရန်သူတွေ သွားလာရင် သူများလုပ်မှာပေါ့။ သတိနဲ့ အခြေအနေ ကိုနားစွင့်ပြီးသွားလာကြပေါ့။ ရှေ့ဆက်တော့ဘယ်လိုလာမလဲမသိသေးဘူ။ လမ်းတွေဆက်ပိတ်ရင်တော့ ပြည်သူကိုအသိပေးမှာပါ” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ ကော့ကရိတ်-မြဝတီအာရှလမ်းတစ်လျှောက်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲကြောင့် လမ်းတံတား ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သလို ပျက်စီးသွားသော လမ်းတံတားများကိုလည်း ပြန်လည် ပြုပြင် မွမ်းမံမှုများ ပြုလုပ်ကာ သွားလာခွင့်ပေးထားသော်လည်း ၎င်းလမ်းကို အသုံးပြုသွားလာသူများ အနေဖြင့် စိုးရိမ်စိတ်များဖြင့် သွားလာနရကြောင်းလည်း သွားလာသူ‌ ဒေသခံများက ပြောသည်။