Home သတင်း တင်္သာရီမြို့နယ်အတွင်း စစ်ဘေရှောင်များအတွက် ရိက္ခာသယ်ယူပို့ဆောင်ရေး ခက်ခဲလာ

တင်္သာရီမြို့နယ်အတွင်း စစ်ဘေရှောင်များအတွက် ရိက္ခာသယ်ယူပို့ဆောင်ရေး ခက်ခဲလာ

704
Photo: CJ

ဧပြီလ၂၅ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူများအတွက် ရိက္ခာများ သွားရောက် ကူညီရာတွင် စစ်ကောင်စီ၏ လမ်းခရီးတစ်လျှောက် ဂိတ်ချ စစ်ဆေးမှုများ ပိုးမိုများပြားလာသောကြောင့် ရိက္ခာသယ်ယူပို့ ဆောင်ရေးအတွက် ခက်ခဲလာကြောင်း စစ်ရှောင်ကူညီပေးသူများက ပြောသည်။

တနင်္သာရီမြို့နယ်ထဲတွင် တိုက်ပွဲများ ပြန်လည်ငြိမ်သက်သွားသော်လည်း နေရပ်မပြန်ရဲ သေးသည့် စစ်ဘေး ရှောင်ပြည်သူများအတွက် ရိက္ခာလိုအပ်ချက်များ ရှိနေသေးပြီး ၎င်းတို့ကို သွားရောက်ကူညီရာ လမ်းကြောင်း တစ်လျှောက်တွင် စစ်ကောင်စီတပ်မှ ယခင်ကထက် ဂိတ်ချ စစ်ဆေးမှုများ ပိုမို များပြားလာ သလို ဆန်များကို အကန့်အသတ်ဖြင့်သာ သယ်ယူခွင့် ပြုသောကြောင့် လမ်းခရီးအခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်အနီးကပ်ကူညီသူ တစ်ဦးက ယခုလိုပြောသည်။

၎င်းက “လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေရှိမယ်။ စစ်ကောင်စီရဲ့ နယ်မြေတွေကနေပြီး လိုအပ်တဲ့ ရိက္ခာ ပစ္စည်းတွေသယ်ယူတဲ့အခါ တော်တော်လေးဂရုစိုက်သယ်ယူရတယ်။ ဆန်သယ်ရင်လည်း တစ်အိတ် နှစ်အိတ် ထက်ပို မသယ်ရတာတွေရှိတယ်။သူတို့က ရိက္ခာအများကြီးတင်ရင် PDFထောက်ပံ့တယ်ဘဲထင်တယ်။အဲ့လို အခြေနေတွေက အရှေ့တောနယ်ဘက်မှာရော နေရာတိုင်းလိုလိုဘဲ စစ်တပ်ကလုပ်နေတာ။” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် အဆိုပါ ရိက္ခာပစ္စည်းများကို စစ်တပ်ဂိတ်များ ကျော်လွန်၍ လွတ်မြောက် နယ်မြေဘက်သို့ ရောက် လျင်လည်း စစ်ရှောင်များရှိရာသို့ ထပ်မံ ဖြန့်ဝေပေးပို့ရာတွင် လမ်းခရီး ကြမ်းတမ်းပြီး လုံခြုံရေး စိုးရိမ်ရသည့် အခက်အခဲများလည်း ကြုံတွေ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

Photo: CJ

စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ခံထားရသည့် တနင်္သာရီမြို့နယ်ထဲက သဲဖြူ၊ သိမ်ခွန်း၊ ချောင်းနှစ် ပေါက်၊ ကြိမ်ချောင်း၊ ရမ်းဖို၊ ဘန်းလမွတ်၊ ကမ်းတို၊ ညောင်ပင်ကုန်း၊ ပဝနှင့် သာရဖုံ စသည့် ကျေးရွာများမှ ဒေသခံပြည်သူ တစ်သောင်းနီးပါး စစ်ဘေးတိမ်းရှောင်နေရပြီး အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ စစ်ဘေး ရှောင်ပြည်သူများအတွက် ရိက္ခာပြတ်တောက်မှုများ ကြုံတွေ့လာရနိုင်ကြောင်း ဒေါနတနင်္သာရီ စစ်ဘေးရှောင် ကူညီသူများအသင်း၏ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အသင်း၏ ပြောရေးဆိုခွင့်ရှိသူက “တဖြည်းဖြည်းနဲ့ကြာလာရင် ရိက္ခာပြတ်သွားတဲ့အခြေအနေထိ ဖြစ်နိုင်တယ်။ တိုက်ပွဲတွေဆက်လက်ဖြစ်လာအုံးမယ်ဆိုရင်တော့ စစ်ရှောင်ဦးရေလည်းထပ်တိုးလာမယ်။ တချို့ကတော့ နီးစပ်ရာ ဥယျာဥ်ခြံမြေနဲ့ တောတောင်ထဲပြေးကြလို့ တချို့အခက်အခဲတွေကို သိရှိရဖို့ခက်ခဲတာ ရှိပါတယ်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်း အခက်အခဲတွေ၊ အနေအထိုင် အစားအသောက် အခက်အခဲတွေကတော့ အခက်အခဲလို့တောင်ပြောလို့မရလောက်အောင် နိစ္စဓူဝကိစ္စတွေဖြစ်နေပါပြီး။” ဟုကေအိုင်စီသို့ပြောသည်။

တနင်္သာရီ မြို့နယ်တွင် ပြီးခဲ့သည့်လက နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သောကြောင့် ၎င်းဒေသရှိ ဒေသခံများအနေဖြင့် ဘေးလွတ် ရာသို့ စစ်ပြေးရှောင်ခဲ့ကြရပြီး ယနေ့အချိန်အထိ မိမိနေရပ် မပြန်ရဲကြသေးဘဲ စစ်ရှောင် ဦးရေလည်း တိုးလာ ကြောင်းဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရသိရသည်။