Home သတင်း ပိုင်ကျုံမြိုနယ်တွင် မရမ်းသီးခြောက်စျေးကောင်းရ၍ ဒေသခံများ၏စားဝတ်နေရေး အထောက်အကူပြု

ပိုင်ကျုံမြိုနယ်တွင် မရမ်းသီးခြောက်စျေးကောင်းရ၍ ဒေသခံများ၏စားဝတ်နေရေး အထောက်အကူပြု

1410

ဧပြီလ ၂၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ဖားအံခရိုင်၊ ပိုင်ကျုံမြိုနယ်အတွင်းရှိ ကျေးရွာဒေသများတွင် ယမန်နှစ်ထက် မရမ်းသီးခြောက်စျေးကောင်း ရ သောကြောင့် ဒေသတွင်းမရမ်းသီးခြောက်လုပ်ကိုင်သူများအတွက် စားဝတ်နေရေး အထောက်အကူပြု နေကြောင်း ဒေသခံများထံမှသိရသည်။

ပိုင်ကျုံမြိုနယ်အတွင်းရှိ ပတကျေးနယ် ပိတခကျေးနယ်နှင့် မိချောင်းကျေးနယ်တို့တွင် ယမန်နှစ်က မရမ်းသီး ခြောက် တစ်ပိဿာကျပ် (၂,၅၀၀)မှ (၃,၅၀၀) ထိသာရရှိခဲ့သော်လည်း ယခုနှစ်တွင် မရမ်းသီးခြောက် တစ်ပိဿာ လျင် (၅,၀၀၀)ကျပ်မှ (၆,၀၀၀)ကျပ်အထိ စျေးကောင်းပေးဝယ်နေသောကြောင့် ဒေသတွင်း မရမ်းသီးခြောက် လုပ်ကိုင်သူများအတွက် အဆင်ပြေနေသည်ဟု မရမ်းသီးခြောက် လုပ်ကိုင်သူ ဒေသခံ တစ်ဦးက ယခုလို ပြောသည်။

“အခုလိုမရမ်းသီး စျေးတက်တော့အရမ်းပျော်တာပေါ့။ ခုစျေးတက်တာက ပေါ်ခါစအချိန်မိုလို့ တက်တာ။ နောက်ဆိုစျေးပြန်ကျမှာကို စိတ်ပူတယ်။ အရင်နှစ်တွေကလည်း ဒီလိုဘဲလေ အခုနှစ်လည်း ဒီလိုဘဲထင်တယ်။ ပြီးတော့သူများတွေ လာမဝယ်တော့မှာကိုလည်း စိတ်ပူတယ်။ နောက်ဆို ရာသီဥတု အခြေနေကြောင့် နေလှန်း ရတာ အဆင်မပြေတော့ဘူးလေ။ အဲကြောင့် စျေးလည်းပြန်ကျလာနိုင်တယ်” ဟု ပြောသည်။

ယခုနှစ်တွင် မရမ်းသီးခြောက်များ စျေးကောင်းရရှိသော်လည်း ယခင်နှစ်များထက် အသီးအထွက်နှုန်းနည်းနေပြီး မိမိနေအိမ်ခြံများတွင် မရမ်းပင်မရှိသူများ၊ အပင်အသီး မသီးသူများက အခြားသူများထံမှ အပင်လိုက်ဝယ်ပြီး အသီးခူးကာ အခြောက်လှန်းပြီး ပြန်လည်ရောင်းချနေကြသူလည်းရှိကြောင်း သိရသည်။

ပိုင်ကျုံဒေသခံ နော်တာရွဲက “အခုအားလုံးကစျေးတက်နေတော့ မရမ်းသီးလည်းစျေးတက်တာပေါ့။ အခုလိုစျေး တက်တော့ ကျမတိုရောင်းတယ်။ ရောင်းလိုရတဲ့ငွေတွေကို အိမ်မှာလိုအပ်နေတဲ့ ဆားတို့ အချိုမှုန့်တို့ ပြီးတော့ တခြားအစားအစာတွေဝယ်စားတယ်။ တချို့လူဆိုရင် ဘုန်းကြီးကျောင်းမှာ မရမ်းပင်ရှိတယ်လေ။ သူတို့ ဆီတို့ ဆားတို့ ကြက်သွန်နီတို့ သွားလှူပြီး သူတို့မရမ်းသီးတွေကိုတက်ခူးတယ်။ ဘုန်းကြီးတွေလည်းလှူတယ် သူတို့လည်းလှူတယ် အဲလိုပေါ့ “ဟု ပြောသည်။

ပိုက်ကျုံမြို့နယ်တွင် မရမ်းပင်များကို စနစ်တကျ စီးပွားဖြင့် စိုက်ပျိုးကြခြင်းမဟုတ်သော်လည်း ၎င်းတို့ နေအိမ် ခြံဝန်းများရှိ အပင်များမှ အသီးများကို ခူး၍ မရမ်းသီးခြောက် လုပ်ငန်း လုပ်ကိုင်သူများကို ရောင်းချကြ ခြင်းဖြစ်ပြီး ခြံထွက် မရမ်းသီးများမှတဆင့် မိသားစု ဝင်ငွေ တစ်ဖက်တစ်လမ်း ရရှိနေကြခြင်းဖြစ်သည်။

အလားတူ ဖားအံမြို့နယ်နှင့် လှိုင်းဘွဲ မြို့နယ်များတွင်လည်း မရမ်းသီးခြောက်ဈေးနှုန်းကောင်းနေပြီး မွန်ပြည်နယ် ဘက်မှာတော့ မရမ်းသီးခြောက်များ စျေးကောင်းမရရှိသောကြောင့် မရမ်းယို မရမ်းပြားလုပ်ပြီး ရောင်းချနေရ တယ်ဟု ဒေသခံများက ပြောသည်၊