Home သတင်း ကရင်အမျိုးသားအထက်တန်းကျောင်းတည်ထောင်သူမန်းဘလစိန် ဈာပနအခမ်းအနားပြုလုပ်ပြီးစီး

ကရင်အမျိုးသားအထက်တန်းကျောင်းတည်ထောင်သူမန်းဘလစိန် ဈာပနအခမ်းအနားပြုလုပ်ပြီးစီး

897

ဧပြီ၊ ၂၅ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ရွှေ့ပြောင်းအလုပ်သမားများ၏သားသမီးပညားရေးနှင့် ကရင်အမျိုးသားအရေးအတွက် တက်ကြွစွာပါဝင်သူ ခွယ်ကဘောင် ကရင်အမျိုးသားအထက်တန်းကျောင်းတည်ထောင်သူ မန်းဗလစိန်(ခ) ဖူ့ခွယ်ကဘောင်၏ ဈာပနအခမ်းအနားကို ၎င်း၏ နေထိုင်ရာထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ယနေ့ ဧပြီလ ၂၅ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

အသက် ၇၈နှစ်ရှိပြီဖြစ်သည့် ကိုယ်ထူကိုယ်ထ ခွယ်ကဘောင်ကရင်အမျိုးသားအထက်တန်း ကျောင်းဒါရိုက်တာ မန်းဘလစိန်သည် လူကြီးရောဂါဖြင့် မဲဆောက်ဆေးရုံးကြီးတွင် ဧပြီလ ၂၁ရက်နေ့ ညနေပိုင်းတွင် ကွယ်လွန် သွားခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

၎င်းကွယ်လွန်သွားခြင်းနှင့်ပတ်သက်ပြီး ပညာရေးအတွက် အခက်အခဲလိုအပ်ချက်များရှိသည့်ကာလတွင် ရွှေ့ပြောင်း ကျောင်းပညာရေးအတွက် ဦးဆောင်လမ်းပြပေးသူ တစ်ဦး ဆုံးရှုံးလိုက်ရသောကြောင့် တန်ဖိုး မဖြတ်နိုင်သည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်ဟု နယ်စပ်ပညာရေးလှုပ်ရှားမှုကို အတူတကွလုပ်ဆောင်ခဲ့ဖူးသူ CDCအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမန်းရွှေနှင်းက ပြောသည်။

“အဖိုးဟာရွေ့ပြောင်းကျောင်းမကဘဲ ဒီနယ်စပ်ကို ရောက်တဲ့အချိန်မှာ ဒုက္ခသည်စခန်းက ပညာရေး အတွက်တွေ ရော အမျိုးသားရေးအတွက်တွေမှာရော တော်လှန်ရေးတွေမှာရော ဦးဆောင်ခဲ့ တာတွေ အများကြီး ရှိတယ်။ ရွှေ့ပြောင်းကျောင်းပညာရေးတွေမှာလည်း အဖိုးက အကြံပေးတာတွေအများကြီးရှိတယ်။ ” ဟု မန်းရွှေနှင်းက ကေအိုင်စီသို့ပြောသည်။

ဖခင်ကွယ်လွန်သွားခဲ့သော်လည်း မန်းဘလစိန်သည် အမျိုးသားရေးနှင့်ပတ်သက်၍ ထဲထဲဝင်ဝင် ပေးဆပ် လုပ်ဆောင်ခဲ့ သူတစ်ဦးဖြစ် နေသည့်အတွက် သားတစ်ယောက်အနေနှင့် ဂုဏ်ယူလို့မဆုံးဖြစ်ကြောင်း ၎င်း၏ သားဖြစ်သူ စောရှားမူထောင်းကလည်း ယခုလိုပြောသည်။

“သူနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းရောက်ရင် အဖိုးနာမည်တစ်လုံးနဲ့ ကျနော်တို့ အမြဲတမ်းဂုဏ်ယူနေရတယ်။ သူက အမျိုးသားရေးမှအမျိုးသားရေးဘဲ အသက်ကြီးမှ လုပ်တာမဟုတ်ဘူး။ ပြန်ကြားသိရသလောက် လူငယ်ဘဝ ကတည်းက အမျိုးသားရေးအပိုင်းကို တက်တက်ကြွကြွနဲ့ ပါဝင်လှုပ်ရှားခဲ့သူတစ်ယောက်ဖြစ်တယ်။ အမျိုးသားရေးလုပ်လို့ မော်မြိုင်ထောင်မှာ ၂ကြိမ်တိုင်တိုင် ကျခဲ့ဖူးတယ်။ ၁၉၈၁-၈၂ လောက် ကျနော် ၅နှစ်သားအရွယ်မှာဘဲ သူ့ကို သူများလိုက်ဖမ်းတော့ ဒီနယ်စပ်ကို သူအပြီးပိုင်ထွက်လာခဲ့တာဖြစ်တယ်။”ဟု သားဖြစ်သူ စောရှားမူထောင်း ကကေအိုင်စီသို့ပြောသည်။

ထို့အပြင် မန်းဘလစိန်သည် မဲဆောက်မြို့တွင် သက်တမ်း ၃၈နှစ်ရှိပြီဖြစ်သည့် ပထမဦးဆုံး (Migrant) မြန်မာရွှေ့ပြောင်းကျောင်းဖြစ်သည့် ခွယ်ကဘောင်ကရင်အမျိုးသားကျောင်းကို စတင်တည်ထောင်သူဖြစ်ကာ ကွယ်လွန်ချိန်အထိ ကျောင်းဒါရိုက်တာ တာဝန်ကို ယူထားသူလည်းဖြစ်သည့်အပြင် ရွှေ့ပြောင်းအလုပ် သမားများ ပညာရေးကော်မတီ၏ အကြံပေးနာယကတစ်ဦးလည်းဖြစ်သည်။

၎င်း၏ ဦးဆောင်လမ်းပြမှုကြောင့် ထိုင်းမြန်မာနယ်စပ်တစ်လျှောက်ရှိ မြန်မာရွှေ့ပြောင်းများ အနာဂတ် ပညာရေးအခန်းကဏ္ဍခရီးလမ်း ဖောက်ထွင်းနိုင်ခဲ့ကြောင်းလည်း မြန်မာရွှေ့ပြောင်းပညာရေးကော်မတီး၏ ပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာထဲတွင် ဆိုထားသည်။

ယနေ့ ပြုလုပ်သည့် ဈာပနအခမ်းအနားတွင် လူဦးရေ ရာကျော် တက်ရောက်ဂါဝရပြုကာ မြန်မာရွှေ့ပြောင်း ဒေသဆရာ၊ဆရာမများအစည်းအရုံး BMTA၊ မြန်မာရွှေ့ပြောင်းပညာရေးကော်မတီ BMWEC၊ ပင်လယ်ရပ်ခြား ကရင်အမျိုးသားအဖွဲ့အစည်းOKOနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALPတို့မှ အသီးသီးဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့ခဲ့သည်။

မန်းဘလစိန်သည် ဖားအံမြို့နယ် ကော့သိမ်းဟိရွာဇာတိဖြစ်ကာ အိမ်ထောင်နှစ်ဆင့်ရှိခဲ့ပြီး ကွယ်လွန်ချိန်တွင် သားသမီး ၁၁ဦးရှိသည်ဟုသိရသည်။