Home သတင်း စစ်ကောင်စီက ဓာတုလက်နက်ဟု ယူဆရသည့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာထုတ်ပြန်

စစ်ကောင်စီက ဓာတုလက်နက်ဟု ယူဆရသည့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာထုတ်ပြန်

1224

ဧပြီလ(၂၅)ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၆)နယ်မြေရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၏ ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့များ လုံခြုံရေးရယူထားနိုင်သည့်နေရာများကို ပြီးခဲ့သည့် ဧပြီလ (၂၃)ရက်နေ့က စစ်ကောင်စီတပ်မှ ဓာတ်တုလက်နက်ဟု ယူဆရသည့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ယမန်နေ့က ထုတ်ပြန်ထားသည်။

လက်နက်ကြီး အကြိမ်ရည် (၃၀)ထက်မနည်း ပစ်ခတ်ခဲ့သော အဆိုပါ စစ်ကောင်စီတပ်က အသုံးပြု တိုက်ခိုက်လာသည့် လက်နက်ကြီးကျည်များသည် မြေပြင်ပေါ်သို့ ကျရောက်ပေါက်ကွဲရာတွင် အခြား လက်နက်ကြီး ကျည်များနှင့်မတူ အငွေ့များ စွာ ပြန့်ထွက်လာလျက်ရှိကြောင်း ကော်ဘရာစစ်ကြောင်း၏ ရဲဘော်တစ်ဦးက ယခုလို ပြောသည်။

၎င်းက “ဓာတုဗုံးလို့ယူဆရလို့ပါ။ တစ်ခြားဗုံးတွေနဲ့မတူပဲ အငွေ့တွေအများကြီးပြန့်ပြီးထွက်လာတယ်။ အငွေ့ကိုရှုမိတဲ့ ရဲဘော်တွေတော့ မရှိသေးပါဘူး။ ပုံမှန်ကွဲနေကျအသံနဲ့လည်း မတူဘူး။ တစ်နေရာထဲကိုပဲ ဆယ်မိနစ်ခြား ၂ လုံးကြဲသွားတယ်”ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်များမှာ ဓာတုလက်နက် ဟုတ်၊ မဟုတ်ကိုမူ ကော်ဘရာ စစ်ကြောင်း အနေ ဖြင့် စနစ်တကျ လေ့လာထားခြင်းမျိုးမဟုတ်သလို ဓာတု လက်နက်ဟု ယူဆရသည့် သက်သေ အချက်အလက်များကိုလည်း ထုတ်ပြန်ထားခြင်းမရှိဘဲ ယူဆချက်သာဖြစ်ကာ ကေအိုင်စီ အနေဖြင့် လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ထို့နောက် စစ်ကောင်စီတပ်များက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ လုံခြုံရေးယူထားသည့် နေရာများသို့ ယမန်နေ့ ဧပြီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင်လည်း YAK130 ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့တွင်လည်း ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မဲကနယ် ကျေးရွာအနီး ကျောက်မိုင်းဒေသတွင် ကော်ဘရာစစ်ကြောင်း (Cobra Column ) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄ ဦးသေဆုံးပြီး လက်နက်ခဲ ယမ်းအချို့ သိမ်းဆည်းရမိကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ခဲ့ပြီးနောက် စစ်ကောင်စီ ဘက်မှ ဆက်တိုက်ဆိုသလို လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်ခဲ့သလို လေကြောင်း တိုက်ခိုက်မှုလည်း ၃ ကြိမ်ထက်မနည်း လုပ်ဆောင်သွားခဲ့ကြောင်းသိရသည်။