Home ဆောင်းပါး သန့်ရှင်းသော လေနဲ့ရေ (ဆောင်းပါး)

သန့်ရှင်းသော လေနဲ့ရေ (ဆောင်းပါး)

981
Photo: Internet

သန့်ရှင်းသော လေနဲ့ရေ

မောင်ကျော်စွာ

(၂၀၂၃ခုနှစ်၊ ဧပြီလ ၈ရက်)

“လေတွင် ဆိပ်ခိုးပါလိမ့်နိုး၊ ရေတွင် ဆိပ်ခိုးပါလိမ့်နိုးနှင့်” ဆိုတဲ့ ကဗျာအပိုင်းအစလေးသည် ယခုနှစ် နွေရာသီတွင် ကြုံလာရသော လေထုညစ်ညမ်းမှုကို အကြောင်းပြုကာ ကျနော်၏ အတွေးအခေါ်စိတ်ထဲမှာ ပြန်ပေါ်လာပါတယ်။ ထိုကဗျာလေးကို အလယ်တန်း သို့မဟုတ် အထက်တန်းကဗျာလက်ရွှေးစင် စာအုပ် ထဲမှာသင်ခဲ့ရတာ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ အတိအကျတော့ မမှတ်မိတော့ပါ။ ကဗျာလေးရဲ့ ပင်မအကြောင်းအရာက ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ပေါ် အမေရိကန်တို့ ကြဲချခဲ့တဲ့ အနုမြူဗုံးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဆက်များအပေါ် စိုးရိမ်မှု အရင်းခံဖြင့် ကဗျာဆရာက ရေးဖွဲ့ခဲ့တာဖြစ်တယ်ဆိုတာကိုတော့ ခပ်ရေးရေး မှတ်မိနေပါ တယ်။

ထိုကဗျာလေးထဲမှာပါတဲ့ စိုးရိမ်မှုတွေနဲ့ စိုးရွံ့မှုဟာ ယခုနှစ်နွေရာသီတွင် ကျနော်တို့ကိုယ်တိုင်ကိုယ်ကျ ခံစားကြုံတွေ့လာကြရပြီး မဟုတ်ပါလား။ ကြည့် လေရာ ပတ်ဝန်းကျင်တိုင်း မီးခိုးမြူတွေအုံ့ဆိုင်းပြီး ရှူရှိုက်နေရသော လေထဲမှာလည်း မီးခိုးနဲ့ဓာတ်ဆီနံ့ ရောထွေးနေတယ် မဟုတ်ပါလား။

ထို့အပြင် ကျနော်သည် ထိုသို့သော လေထုညစ်ညမ်းမှုအကြောင်းခံတွင် ထိုကဗျာအပိုင်းအစလေးကို သူ့အလိုလို သတိရလာပါတော့တယ်။

လေနဲ့ရေညစ်ညမ်းမှုဟာ နိုင်ငံတစ်ခု၊ ဒေသတစ်ခုရဲ့ သီးခြားပြဿနာ၊ သီးခြားကိစ္စမဟုတ်ပါ။ လူကုန်ကူးမှုလို၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ် မှုလို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုလို၊ ဆိုင်ဘာမှုခင်းလို ကမ္ဘာ့အတိုင်းအတာဆောင်သော၊ နိုင်ငံအားလုံးနှင့်သက်ဆိုင်သော လူသား၊ လူ့အဖွဲ့အစည်းရဲ့ဘုံအရေးကိစ္စ ဖြစ်ပါတယ်။ ငါတို့နဲ့မဆိုင်ဆိုပြီး တံခါးပိတ်ထားလို့ ဘယ်လိုမှမရနိုင်ပါ။ ကမ္ဘာ့လေထု၊ ကမ္ဘာ့ရေထု (မြစ်၊ ချောင်း၊ အင်းအိုင်၊ ပင်လယ်၊ သမုဒ္ဒရာ)အားလုံး လူတို့ရဲ့ (အထူးသဖြင့် ဝိသမလောဘသား စက်ရုံအလုပ်ရုံ လုပ်ခင်းစိုက်ခင်းကြီးများက စည်းမဲ့ကမ်းမဲ့စွန့်ထုတ်ပစ်သော လေဆိုးလေငွေ့ – ရေဆိုးရေညစ်များကြောင့်) ညစ်နွမ်းခဲ့ကြရပြီ။

အဆိပ်သင့်နေခဲ့ကြရပြီ။ လူတွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ကြုံတွေ့ဖြစ်ပွားရသလို ကုန်းနေရေနေ သက်ရှိသတ္တဝါမျိုးစုံတို့ မှာလည်း ခြိမ်းခြောက်မှု ဘေးအန္တရာယ်မျိုးစုံကို ရင်ဆိုင်နေရပါတယ်။

လူသာမက မည်သည့်သက်ရှိမဆို (အပင်များ အပါအဝင်) လေ-ရေနှင့်ကင်းကွာပြီး မရှင်သန်နိုင်ပါ။ ဒီနေရာ၌ ကျနော်ဆိုလိုသော ”ရှင်သန်မှုမှာ” မိမိတစ် ကိုယ်ချင်း အသက်ရှင်သန်မှုတစ်ခုထဲသက်သက်ကိုသာကွက်ပြီး ဆိုလိုခြင်း လုံးဝ မဟုတ်ပါ။ သက်ဆိုင်ရာမျိုးနွယ်တစ်စုလုံး၏ တည်တံ့တိုးပွားရှင်သန်ရေးဆိုတဲ့ ဇီဝကွင်းဆက်ဖြစ်စဉ်တစ်ခုလုံးအတွက်ပါ အလုံးစုံ အကျုံးဝင်သော ရှင်သန်မှုဖြစ်စဉ်ကြီးတစ်ခုလုံးကို ဆိုလိုတာပဲ ဖြစ်ပါတယ်။

သန့်ရှင်းသောလေ၊ သန့်ရှင်းသောရေ မရှိဘဲ လူသား အပါအဝင် မည်သည့်သက်ရှိမျှ မရှင်သန်နိုင်၊ မတည်တံ့နိုင်၊ မတိုးပွားနိုင်ပါဘူး။

ကျနော်တို့လူသားတွေဟာ ယနေ့ခေတ်ကာလလို ကုန်ထုတ်လုပ်မှု အတတ်ပညာ၊ အသိပညာ၊ နည်းနာတွေမတတ်မြောက်ခင် မသိရှိခင် ဟိုး ရှေးယခင် ကာလကဆိုလျှင် သဘာဝတရားကို မထီလေးစား မပြုဝံ့ခဲ့ကြပါ။ လေ၊ ရေ၊ မြေ၊ မီးတို့ကိုပင် ကိုးကွယ်ရာအဖြစ် ပသပူဇော်ခဲ့ကြရတယ် မဟုတ်ပါသလော။ မြေ-ရေ-လေတို့ရဲ့သဘာဝအလျောက် လှုပ်ရှားပြောင်းလဲမှုကြီးတွေကို ရင်ဆိုင်ကြုံရတဲ့အခါမှာလည်း ထိတ်လန့်တုန်လှုပ်ခဲ့ရတယ် မဟုတ်ပါလား။

တန်ခိုးရှင်တစ်ဉီးရဲ့ “ဒေါသအမျက်ထွက်မှု၊ ဒဏ်ခတ်မှု”လို့ပင် ထင်မှတ်မှားခဲ့ကြဖူးတယ် မဟုတ်ပါလား။ ယခုခေတ်အထိပင် အချို့သော ပထဝီဒေသ အပိုင်းအခြားရှိ လူတို့ဟာ မီးတောင်ပေါက်ကွဲမှု၊ ငလျင်လှုပ်ခတ်မှုတွေကို တန်ခိုးရှင်တစ်ဉီးရဲ့ အပြုအမှုအဖြစ် ထင်မှတ်ယုံကြည်နေကြရဆဲပဲ မဟုတ်ပါလား။

မီးကို စတင် တွေ့ရှိခဲ့ကြစဉ်မှာလည်း မီးကို တန်ခိုးစွမ်းအားတစ်ခုအဖြစ် မှတ်ယူခဲ့ကြ၊ ပသခဲ့ကြတယ် မဟုတ်ပါလား။ နေနတ်၊ လေနတ်၊ မိုးနတ်၊ လနတ် စသဖြင့် ကိုးကွယ်ပသခဲ့ကြတယ်။ တောင်းပန်တိုးလျှိုးခဲ့ကြပါတယ်။

ဒီလိုနဲ့ သမိုင်းခေတ်တွေကို တစတစ ဖြတ်သန်းရင်း၊ သဘာ၀တရားနဲ့ လှုပ်ရှားပြောင်းလဲမှုတွေကို တစတစနဲ့ သိရှိနားလည်လာတဲ့အခါမှာ ကုန်ထုတ်လုပ် ရေး အတတ်ပညာ၊ အသိပညာ၊ နည်းပညာတွေ တတ်မြောက်ကြွယ်ဝလာတဲ့အခါမှာတော့ ဘယ်လိုပထဝီဒေသ ရာသီဥတုအပိုင်းအခြားမှာမဆို ရပ်တည်ရှင်သန် လာနိုင်ခဲ့ကြပါတယ်။ ထိုသို့ရပ်တည်နိုင်အောင်လည်း မိမိကိုယ်ကို အဆက်မပြတ် ဖန်တီးပြောင်းလဲလာနိုင်ပါတော့တယ်။ ဟိုးအရင်တချိန်ကာလမှာဆို အင်မတန် အေးလွန်းတဲ့ အရပ်ဒေသကနေ နွေးသောအရပ်ဒေသသို့ အင်မတန် မိုးများတဲ့အရပ်ဒေသကနေ မိုးပါးတဲ့အရပ်ဒေသသို့ ရေကြည်ရာမြက်နုရာဆိုသလို ခြေသလုံး အိမ်တိုင် ရွှေ့ပြောင်းလှည့်လည် နေထိုင်ကြရာကနေ တစ်နေရာထဲမှာ အတည်တကျ အခြေချ နေထိုင်လာနိုင်ခဲ့ကြပါတော့တယ်။

ဒီလိုအခါမှာတော့ ဟိုးတချိန်က ထိတ်လန့်ကြောက်ရွံ့ခဲ့ရသော သဘာဝတရားရဲ့ လှုပ်ရှားပြောင်းလဲမှုတွေ (ရေ-မြေ-လေ-မီး-ငလျင် စတဲ့)ကို ပမာမထား တော့ဘဲ မိမိရဲ့ဩဇာခံ အစေအပါးသဖွယ် သဘောထားလာကာ ဗရမ်းဗတာ ပြုမှုလာကြပါတော့တယ်။

သစ်တောကြီးတွေကို အပြောင်ရှင်း ခုတ်ထွင်ပစ်ပါတယ်။ မြစ်ချောင်းတွေကို ပိတ်ဆို့ကာဆီးပြီး ဆည်မြောင်းတာတမံကြီး ဆောက်လုပ်ပစ်ပါတယ်။

တောင်ကြီးတွေကို ဖြိုချပစ်ပါတယ်။ ဉမင်လှိုဏ်ခေါင်းတွေဖောက်ပြီး ဓာတ်သတ္တုတွေ တူးဖော်ယူပါတယ်။ ဓာတုဗေဒနည်းတွေ ဓာတ်မြေဩဇာတွေ ပိုးသတ် ဆေး၊ ပေါင်းသတ်ဆေးတွေ အမြောက်အမြား သုံးစွဲပြီး စိုက်ပျိုးထွန်ယက်စေပါတယ်။

ခေတ်မှီမျိုးပွားနည်း၊ မျိုးစပ်နည်း၊ အစာအာဟာရ ပြုလုပ်ကျွေးမွေးနည်းတွေနဲ့ ကြက်-ဝက်၊ နွား၊ သိုး၊ ဆိတ်၊ ငါး စတဲ့တိရိစ္ဆာန်တွေကို မွေးမြူပါတယ်။

သို့ဖြင့် ထင်သလို စီမံချယ်လှယ်ခဲ့ကြပါတယ်။ ရေမြေတောတောင် မြစ်ချောင်းအင်းအိုင် ပင်လယ်သမုဒ္ဒရာ စသဖြင့် လူတို့ထင်သလို မလုပ်ဖူးတဲ့ နေရာလှပ် မကျန်အောင် ကမ္ဘာလောကကြီးကို လူသားများက သူတို့ရရှိလာတဲ့ အတတ်ပညာနည်းနာတွေ ခြယ်လှယ်ခဲ့ကြပါတော့တယျ။ ယခုအခါ အာကာသထဲအထိ လကမ္ဘာနဲ့ အင်္ဂါဂြိုလ်အထိ ခြေဆန့်စူးစမ်းနေကြတယ် မဟုတ်ပါလား။

ဒီလို သဘာဝကို၊ ပတ်ဝန်းကျင်ကို ထင်သလိုပြုမှုလာရာကနေ သဘာဝတရားက တုန့်ပြန်လာတဲ့အခါမှာတော့ လူသားတွေဟာ သဘာဝတရားရဲ့ အပြောင်းအလဲသစ်တွေကို တစတစ သိရှိလာကြပြီး မိမိတို့တည်ရှိမှုအတွက် ခြိမ်းခြောက်လာနေတာ၊ ဘေးအန္တရာယ်ရှိလာတာကို သတိမူမိလာကြပါတယ်။

ဒီလို သတိပြုမိလာချိန်မှာတော့ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် အဆိပ်သင့်နေတာတွေ၊ အိုဇုန်းလွှာ ပါးလျားပေါက်ပြဲလာတာ မြစ်ချောင်းအင်း အိုင်နဲ့ ပင်လယ်သမုဒ္ဒရာတွေထဲမှာ ခဲဆိပ်၊ ပြဒါးအဆိပ် စတဲ့ ရေအဆိပ်သင့်နေတာတွေ နျူကလီးယားဖောက်ခွဲစမ်းသပ်မှုနဲ့ အခြားဓာတုဗေဒ ဖောက်ခွဲစမ်းသပ်မှု တွေကြောင့် အလုပ်ရုံစက်ရုံကြီးတွေက စွန့်ထုတ်ပစ်တဲ့ ဓာတ်ငွေ့တွေ၊ ရေဆိုးရေညစ်တွေ၊ လေဆိုးလေညစ်တွေကြောင့် ကျနော်တို့ သက်ရှိတိုင်းအတွက် မရှိမဖြစ် အရေးပါတဲ့ လေနဲ့ရေဟာ မတူတဲ့အတိုင်းအတာနဲ့ ညစ်နွမ်းခဲ့ရပြီ။ အဆိပ်သင့်ခဲ့ရပြီ။ သဘာဝတရားကြီးရဲ့အဆုပ်လို့ တင်စား အလေးထားကြရတဲ့ သစ်တောကြီး တွေလည်း ဘုံးဘုံးလဲကာ ပြုန်းတီးခဲ့ရပြီး။ သစ်တော၊ မြစ်ချောင်း၊ ပင်လယ်သမုန္ဒရာတွေမှာ နေထိုင်ပေါက်ဖွားရှင်သန်ကြရတဲ့ ဇီဝမျိုးစုံမျိုးကွဲတွေဟာ ဘေးအန္တရာယ်မျိုးစုံနဲ့ ရင်ဆိုင်နေရပြီး အချို့မှာ မျိုးသုဉ်းခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါတွေကို အချိန်မီ ထိန်းသိမ်းကြဖို့ လိုအပ်ပါတယ်။

တချို့သောနိုင်ငံကြီးတွေ ဝိသမလောဘ အရင်းရှင်ကြီးတွေ၊ ကုမ္ပဏီပိုင်ရှင်ကြီးတွေက အမြတ်အစွန်းရလိုမှုတစ်ခုထဲကိုသာ ကွက်ကြည့်ပြီး ကမ္ဘာ့နေရာ ဒေသအနှံ့မှာရှိတဲ့ ရေ၊ မြေ၊ လေ၊ သဘာဝပတ်ဝန်းကျင်ကို ထင်သလို ပြုမူခဲ့ကြပါတယ်။ ပြုမှုနေကြဆဲဖြစ်ပါတယ်။ သူတို့ပိုင်ဆိုင်တဲ့ သုတေသန စမ်းသပ်ခန်းတွေ ဓာတ်ခွဲခန်းတွေ အလုပ်ရုံစက်ရုံကြီးတွေ လုပ်ခင်းကိုင်ခင်းကြီးတွေက နေ့စဉ်နာရီနဲ့အမျှ ဗရမ်းဗတာ စွန့်ထုတ်နေတဲ့ လေဆိုးရေဆိုးတွေ အဆိပ်ဦး အဆိပ်ငွေ့ အဆိပ်ရည်တွေ အမှိုက်သရိုက်တွေကို စနစ်တကျ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ကိုင်တွယ်ဖို့ ပျက်ကွက်နေကြဆဲပဲ ဖြစ်ပါတယ်။

ကမ္ဘာမြေပြင်ပေါ်မှာရှိတဲ့ မြစ်ချောင်းအင်းအိုင် ပင်လယ် သမုန္ဒရာတွေမှာ ဗရမ်းဗတာ စွန့်ပစ်လိုက်ကြတဲ့ အမှိုက်သရိုက်မျိုးစုံကြောင့် ညစ်နွမ်းနေရသလို အာကာသထဲမှာလည်း ခေတ်မှီနိုင်ငံကြီးအချို့က ထင်သလို စွန့်ပစ်နေကြတဲ့ အမှိုက်သရိုက်များကြောင့် အာကာသထဲမှာပါ ညစ်နွမ်းနေရပြီး ဆိုတာကို မီဒီယာ သတင်းတွေထဲကနေ ကြားသိနေကြရပါတယ် မဟုတ်ပါသလား။

ကျနော်တို့လူသားတွေဟာ မိမိအပါအဝင်ဖြစ်တဲ့ သဘာဝသောက သဘောဝလောကရဲ့ ပြောင်းလဲလှုပ်ရှားမှုတွေကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပိုမို သိရှိလာနိုင်ကြမှာပါ။ ဒါကို ဘာမှသံသယရှိစရာ မလိုပါဘူး။ သို့သော်လည်းပဲ ဒီလိုလုပ်နိုင်တာ၊ သိရှိလာနိုင်တာကြောင့် သဘာဝတရားကို ထင်သလို စီမံခြယ်လှယ် နိုင်လိမ့်မယ်လို့တော့ အတွေးဘဝင် မမြင့်သင့်ပါဘူး။

ကျနော်တို့လူသားတွေဟာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ရရှိလာတဲ့ အသိပညာ၊ အတတ်ပညာတွေနဲ့ သဘာဝတရားနဲ့ သဘာဝတရားရဲ့ လှုပ်ရှားမှု တွေကို သိလာနိုင်မှာမှန်ပေမဲ့ သဘာဝတရားနဲ့ သဘာဝတရားရဲ့ လှုပ်ရှားပြောင်းလဲမှုတွေကိုတော့ မိမိထင်သလို ပြောင်းလဲချုပ်ကိုင် စေပါးနိုင်လိမ့်မယ်တော့ မဟုတ်ပါဘူး။ ဒီလိုလည်း ဘယ်တော့မှလုပ်နိုင်မှာ မဟုတ်ပါဘူး။

သဘာဝတရားနဲ့ သဘာဝတရားရဲ့ လှုပ်ရှားပြောင်းလဲမှုတွေကို သိစိတ်ရှိရှိ ပြင်ဆင်မှုရှိရှိ တုန့်ပြန်နိုင်စွမ်းတွေတော့ ကျနော်တို့လူသားတွေဟာ အသေ အချာ ရရှိလာမှာတော့ အမှန်ပါပဲ။

ပြီးတော့ ကျနော်တို့လူသားတွေဟာ ကျနော်တို့အလိုဆန္ဒအတိုင်း သဘာဝတရားကို စီမံထိန်းချုပ်နိုင်တာမဟုတ်ဘဲ သဘာဝတရားရဲ့ လှုပ်ရှားပြောင်းလဲမှု တိုင်းနဲ့အညီ လိုက်လျောညီထွေရှိအောင်သာ ကျနော်တို့ ကိုယ်ကျနော်တို့ ပြုပြင်ပြောင်းလဲယူကြရတာပါ။ ဒီလိုသဘာဝတရားရဲ့ စဉ်ဆက်မပြတ် လှုပ်ရှားပြောင်း လဲနေမှုနဲ့ ဟာမိုနီဖြစ်အောင် ပြုပြင်ပြောင်းလဲနိုင်စွမ်း မကျင်လည်ဘူး၊ မတတ်စွမ်းဘူးဆိုရင် ကျနော်တို့ဟာ ပျက်သုဉ်းသွားမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျနော်တို့လူသားတွေဟာ လူသားလူ့ကမ္ဘာ တည်တံ့ခိုင်မြဲရှင်သန်ရေးအတွက် စဉ်ဆက်မပြတ် လှုပ်ရှားပြောင်းလဲနေတဲ့ သဘာဝတရားနဲ့ လိုက်လျောညီထွေဖြစ်အောင် ကျနော်တို့ရဲ့သိနားလည်မှုနဲ့ လက်တွေ့ဘဝနေထိုင်မှုတွေကို ပြောင်းလဲနေဖို့ လိုအပ်ပါတယ်။

“နွေ”ကိုမပူအောင် ကျနော်တို့ ပြောင်းလဲမပစ်နိုင်ပါဘူး။ “ဆောင်း”ကိုလည်း မအေးအောင်၊ နွေးထွေးလာအောင် ကျနော်တို့ မစွမ်းဆောင်နိုင်ပါဘူး။ ထို့အ တူပါပဲ “မိုး”မရွာအောင် ရွာအောင် ကျနော်တို့ အမိန့်ပေး မစေခိုင်းနိုင်ပါဘူး။

သို့သော်လည်းပဲ နွေမှာ အေးချမ်းစွာနေနိုင်ဖို့ ပန်ကာ၊ လေအေးပေးစက်တွေကို ဖန်တီးနိုင်ပါတယ်။ ရေနွေးအငွေ့တွေ၊ အနွေးထည်တွေ၊ စောင်တွေနဲ့ ဆောင်းရာသီကို အံ့တုနိုင်ပါတယ်။ ထီး၊ မိုးကာ၊ အကျင်္ီ စတာတွေနဲ့လည်း မိုးရွာထဲမှာ လိုရာခရီးကို သွားနိုင်လာနိုင်ပါတယ်။ ဒါဟာ အင်မတန် ရိုးစင်းပြီး လွယ်ကူ မြင်သာတဲ့ သဘာဝအပြောင်းအလဲကို ကျနော်တို့လူသားများရဲ့ဘက်က ပြောင်းလဲမှုရှိရှိ ရင်ဆိုင်ပုံသာဓကတချို့ပဲ ဖြစ်ပါတယ်။

မိမိလူသားတွေဘက်ကသာ တီထွင်ဖန်တီးမှုရှိရှိနဲ့ သဘာဝနဲ့သဘာဝတရားရဲ့ လှုပ်ရှားပြောင်းလဲမှုတွေကို တတ်နိုင်သမျှ ဟာမိုနီရှိရှိ ရှင်သန်ရင်ဆိုင်နိုင် အောင် ကြိုးပမ်းကြရမှာပါ။

ဒါကြောင့် မိမိအပါအဝင် သက်ရှိအားလုံးရဲ့ ရှင်သန်ရာပတ်ဝန်းကျင်ဖြစ်တဲ့ သဘာဝတရားနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးအောင် ဖျက်လိုဖျက် ဆီးမပြုသင့်ပါဘူး။ အမြတ်အစွန်းတစ်ခုထဲကိုသာ ပဓာနပြုပြီး သဘာဝနဲ့ သဘာဝပတ်ဝန်းကျင်ကို ထင်သလို ပြုမူနေတာတွေဟာ သက်ရှိလူသား အပါအဝင် သဘာဝတရားအပေါ် ခြိမ်းခြောက်ကျူးလွန်တဲ့ ရာဇဝတ်မှုကြီး၊ လူမဆန်မှုကြီးပဲ ဖြစ်ပါတယ်။ ဒါဟာ လူသား အပါအဝင် သက်ရှိအားလုံးနဲ့ ဂေဟဗေဒဆိုင်ရာ အားလုံးကို သေကြောင်းကြံစည်မှုသာ ဖြစ်ပါတယ်။ ဒါကို လူသားအားလုံး အသိစိတ်ရှိရှိနဲ့ နိုးနိုးကြားကြား ခုခံကာကွယ်ထိန်းသိမ်းကြရမှာပါ။

လူသားလူ့အဖွဲ့အစည်းတိုင်းဟာ ရှာဖွေနေတဲ့ ဖန်တီးတည်ဆောက်နေတဲ့ အလျှံပယ်၊ ကြွယ်ဝတိုးတက်မှု အေးချမ်းသာယာမှုတွေဟာ သဘာဝတရားနဲ့ သဘာဝတရားကို ဖျက်ဆီးချေမှုန်းပြီး ထင်သလိုလုပ်ပြီး တည်ဆောက်ရယူနိုင်တဲ့အရာမျိုးလည်း လုံးဝ မဟုတ်ပါဘူး။ လူသားလူ့အဖွဲ့အစည်းရဲ့ အလျှံပယ်ကြွယ်ဝ တိုးတက်စည်ပင်မှုနဲ့ ငြိမ်ချမ်းသာယာမှုဟာ သဘာဝပတ်ဝန်းကျင်နဲ့ မုချပဲ လိုက်လျောညီထွေဖြစ်ရပါလိမ့်မယ်။ ဟာမိုနီရှိရှိဖြစ်ဖို့ မုချလိုအပ်ပါတယ်။

ဒါကြောင့် သက်ရှိတိုင်းအတွက် မျိုးဆက်တည်တံ့ခိုင်မြဲ ရှင်သန်ရေးအတွက် ကျယ်ပြန့်ကြီးမားတဲ့ အမြော်အမြင်ကို ခိုင်ခိုင်မာမာ စိုက်ထူပြီး မိမိနေထိုင် ရာ ဒေသကွက်ကွက်ကလေးကနေ စတင်ပြီး ကမ္ဘာလောကတစ်ခုလုံးအတွက် အရေးယူဆောင်ရွက်ကြပါလို့ တိုက်တွန်းပါရစေ။