Home သတင်း တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်လက်နက်ကြီး ရပ်ကွက်အတွင်း ပစ်ခတ်သည့်အတွက် ကျုံဒိုးရှိ နေအိမ် ၄ လုံးမီး‌လောင်ပြာကျခဲ့

တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်လက်နက်ကြီး ရပ်ကွက်အတွင်း ပစ်ခတ်သည့်အတွက် ကျုံဒိုးရှိ နေအိမ် ၄ လုံးမီး‌လောင်ပြာကျခဲ့

508
Photo: CJ

ဧပြီလ ၇ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ အမှတ် ၁ရပ်ကွက် မြောက်ကရင်စု အပိုင်းဘက်သို့ ယမန်နေ့ ဧပြီလ ၆ ရက်ညတွင် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း-ခမရ ၅၄၅ တပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ် ၄ လုံးမီးလောင်ပျက်စီးပြီး ၅လုံးခန့် လက်နက်ကြီးအစမှန် ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

ကျုံဒိုးမြို့အပြင်ဘက်ရှိ ခမရ ၅၄၅ /၅၄၆ တပ်က တော်လှန်ရေးပူးပေါင်းတပ်များနှင့် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ အမှတ် ၁ ရပ်ကွက် မြောက် ကရင်စုအပိုင်းအား လက်နက်ကြီးပစ်ခတ်တိုက်ခိုက်သည့်အတွက် နေအိမ် လူနေအိမ်များ မီးလောင်ပျက်စီးပြီး ကျုံဒိုးပေါ်တော်မူ စေတီလက်နက်ကြီးထိမှန် ပျက်စီးမှုများ ရှိနေကြောင်း ကျုံဒိုးဒေသခံတစ်ဦးက ပြောသည်။

” မီးက အရပ်ထဲရှိတဲ့သူတွေ ဝိုင်းငြိမ်းကြလို့ တော်သေးတယ်။ ကျည်ကျပြီး အဲ့နားကအိမ်တွေ စုတ်ပြတ်သတ် နေတာ ၅ လုံးလောက် ဖြစ်တယ်။ လူတွေက ရှောင်အိပ်နေကြတော့ ဘာမှ မထိခိုက်ဘူးသူတို့အိမ်တွေ ကတော့ပြာကျကုန်တာပေါ့။ အရင်ရက်က ကွက်သစ်ပိုင်းလည်းအဲ့ လို လက်နက်ကြီးကျပြီး မီးလောင်တာမှာ အလုံး ၃၀ ကျော်၊ ၄၀ နီးပါး မီးထဲပါကုန်တယ် ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။

Photo: CJ

ကျုံဒိုးမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကျုံဒိုးရဲစခန်း၊ ကျုံဒိုးမြို့ပြင် နယ်ခြားစောင့်တပ်-BGF ၊ စစ်ကောင်စီတပ် စခန်းများအား တော်လှန်ရေးပူးပေါင်းတပ်များနှင့် ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ၂ဖက်တိုက်ပွဲမရှိဘဲ လူနေရပ်ကွက်နှင့်ကျေးရွာများ ဘက်လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်း၊ မြို့တွင်းရဲ၊ စစ်တပ်၊ BGF၊ ပြည်သူ့စစ်၊ ပျူစောထီး အဖွဲ့များ ကင်းပတ်လှည့်လည်စဉ် ပစ်ပစ်မှုများကြောင့် အရပ်သား ၄ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။

ကျုံဒိုး ဒေသအပြင် ကော့ကရိတ်၊ မြဝတီ၊ တောင်ကြာအင်း၊ မဲကနယ်၊ အာရှလမ်း၊ ရွှေကုဣိလ် မြို့သစ် နေရာတွင် စစ်ကောင်စီတပ်၊ BGF တပ်ဖွဲ့များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်း တပ်များအကြား နှစ်ဖက် စစ်ရေးတင်းမာမှုများ ဆက်ရှိနေဆဲဖြစ်သည်။