Home သတင်း လှိုင်းဘွဲမြို့နယ် KWO နေ့အခမ်းအနားအစီအစဉ်တွင် အမျိုးသားပူးပေါင်းပါဝင်မှုပိုများလာ

လှိုင်းဘွဲမြို့နယ် KWO နေ့အခမ်းအနားအစီအစဉ်တွင် အမျိုးသားပူးပေါင်းပါဝင်မှုပိုများလာ

766

ဧပြီလ ၅ ရက်နေ့၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ခလယ့်ဒေးကျေးရွာတွင် ယနေ့ ပြုလုပ်သည့် ကရင်အမျိုးသမီးအစည်း အရုံး-KWO ဖွဲ့စည်းတည်ထောင်ခြင်း ၃၈ နှစ်ပြည့် အခမ်းအနား အစီအစဉ်၌ ဒေသခံအမျိုးသားများပူး ပေါင်းပါဝင်မှု ပိုမိုအားကောင်းလာသည်ဟု သိရှိရသည်။

ယနေ့ ဧပြီလ ၅ ရက်နေ့တွင် ကျရောက်သည့် ၃၈ ကြိမ်မြောက် KWO နေ့ကို ဖားအံခရိုင် KWO အမျိုး သမီးခေါင်းဆောင်များ ဦးဆောင်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုလိုနေ့မျိုးတွင် အမျိုးသားများ ပိုမိုပါဝင် တက်ရောက်ခဲ့ခြင်းကြောင့် အမျိုးသမီးများ၏ အခွင့်အရေးများအပေါ် သိရှိနားလည်စေရန် များစွာအကျိုး ဖြစ်စေကြောင်း အခမ်းအနားတွင် ပါဝင်တက်ရောက်ခဲ့သည့် အမျိုးသားများက ပြောသည်။

ခလယ့်ဒေး ကျေးရွာအုပ်စုမှူးစောဒီဒီ “အဖိုးအဖွားတွေ လက်ထက်ကတည်းက အသက်မပြည့်တဲ့ အမျိုးသမီးငယ်တွေကို အတင်းအိမ်ထောင်ပြု ခိုင်းတာတွေ နဲ့ပတ်သက်ပြီး အခုလိုတက်ရောက်လာတော့ သူတို့ကြားသိရတဲ့ အကြောင်းအရာတွေအပေါ်မှာ ပိုပြီးတော့ နားလည်လာပြီး အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေ လျော့နည်း လာမယ့် အကျိုးကျေးဇူးတွေ ရသွားမှာပဲ။” ဟု ကေအိုင်စီ သို့ ပြောသည်။

ကျေးရွာအုပ်စု ၃ အုပ်စုမှ ဒေသခံ ၃၀၀ ကျော် ပါဝင်တက်ရောက်ခဲ့သည့် ယနေ့အခမ်းအနားတွင် KWO နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအပြင် အမျိုးသမီးအဖွဲ့အစည်း တည်ရှိနေခြင်းကြောင့် ဒေသတွင်း အကျိုးကျေးဇူး ဖြစ်ပေါ်စေသည့်အကြောင်းအရာများကို သက်ဆိုင်ရာ အမျိုးသမီးခေါင်းဆောင် အသီးသီးကဟောပြောခဲ့ကြသည်။

ဖားအံခရိုင် KWO ဥက္ကဋ္ဌဟောင်း နော်အယ်စေးက “KWO ဖြစ်လာရတာက အမျိုး သမီးခေါင်းဆောင် တွေကို မွေးထုတ်ပေးဖို့ပါ။ KWO ရှိခြင်းအားဖြင့် ကျေးရွာတွင်းဖြစ်စေ ဒုက္ခသည်စခန်းမှာဖြစ်စေ မြို့နယ် ခရိုင်အသီးသီးက အမျိုးသမီးငယ်လေးတွေအနေနဲ့ သူတို့ရဲ့ ခေါင်းဆောင်နိုင်မှုအပြင် ကိုယ်လုပ်ရမယ့် အလုပ်တာဝန်တွေ တော်လှန်ရေးအတွက် အထောက်အကူဖြစ်စေဖို့၊ သူတို့အခွင့်အရေးတွေကို ပိုမိုသိရှိနားလည်ဖို့ နဲ့ နိုင်ငံရေးတွေကို ပိုပြီးတော့နားလည်လာစေဖို့ အထောက်အကူအများကြီး ဖြစ်စေတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

အလားတူ ယနေ့ ကျရောက်သည့် KWO နေ့ကို KNU ထိန်းချုပ်ရာ တပ်မဟာ၊ ခရိုင် (၇)ခု စလုံးအပြင် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများနှင့် နယ်စပ်မြို့များတွင် အခမ်းအနားများ အသီးသီး ပြုလုပ်ခဲ့ကြပြီး အဖွဲ့အစည်းအတွင်း သက်တမ်းရင့် လုပ်ဆောင်ခဲ့သည့် အမျိုးသမီးအချို့ကိုလည်း ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသမီးများအတွက် စွမ်းရည်မြှင့်တင်‌ရေးလုပ်ငန်းများ၊ အမျိုးသမီးနှင့် က‌လေးသူငယ် အခွင့်အ‌ရေး ချိုး‌ဖောက်ခံရမှုများ ပ‌ပျောက်‌စေရန်အတွက် လုပ်‌ဆောင်‌ပေး‌နေသည့် ကရင်အမျိုးသမီးအစည်းအရုံး(KWO)ကို ဖားအံခရိုင်အတွင်းရှိ ‌ကေအဲန်ယူဌာနချုပ်‌ ဟောင်းမာနယ်ပ‌လောတွင် ၁၉၈၅ ခုနှစ်က ဖွဲ့စည်းတည်‌ထောင်ခဲ့သည်။