Home သတင်း မြဝတီ၊ မဲကနယ် စစ်ရှောင်များ စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်း အခက်အခဲကြုံနေရ

မြဝတီ၊ မဲကနယ် စစ်ရှောင်များ စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်း အခက်အခဲကြုံနေရ

1140
Photo: CJ

ဧပြီလ ၅ ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့ပြင်ဘက် မဲကနယ်ကျေးနယ်ရှိ စစ်ဘေးတိမ်းရှောင်နေရသူ ဒေသခံများအ နေဖြင့် စစ်ဘေးရှောင်ရချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ စားနပ်ရိက္ခာနှင့်နေရာထိုင်ခင်း အခက် အခဲများ ကြုံတွေ့လာကြရကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် မတ်လ၂၅ ရက်မှစတင်ပြီး ယနေ့အချိန်ထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေသည့်အတွက် စစ်ဘေးရှောင်နေကြသည့် မဲကနယ် ကျေးနယ်မှ ဒေသခံပြည်သူ ၁,၀၀၀ အနက် အချို့မှာ ယခုအချိန်ထိ နေအိမ်မပြန်နိုင်သေးကြောင်း သိရှိရသည်။

၎င်းစစ်ဘေး ရှောင်များထဲမှ အယောက် ၃၀၀ ကျော်မှာ ကျေးရွာအနီးရှိ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေကြရသည့်အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်များကို အနီးကပ်ကူညီသူတစ်ဦးက ယခုလိုပြောသည်။

“သူတို့က ဘုန်းကြီးကျောင်းထဲမှာရွှေ့ပြောင်းနေရတယ်။ အိပ်တဲ့နေရာဆို တော်တော်ကြပ်တယ်လို့ ပြောရမယ်။ သွားလှူတဲ့နေရာမှာလည်း ဒီမနက်ထိ လက်နက်သံတွေကြားနေရလို့ သွားလာရ တဲ့နေရာမှာ အခက်အခဲတွေတော့ရှိတယ်။” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ- ၂၇၅) အမြှောက်တပ်ကလည်း ယနေ့အချိန်ထိ လက်နက်ကြီးများကို နေ့စဉ်ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်သောကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များ ၊ အိမ်မွေးတိရိစ္ဆာန်များ ထိခိုက်ပျက်စီးမှုများရှိနေသည်ဟု စစ်ရှောင်ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်စဉ်များကြောင့် မဲကနယ်ကျေးနယ်မှ ဒေသခံပြည်သူအချို့မှာ မြဝတီမြို့သို့ စစ်ရှောင်သွားသူသလို အချို့မှာ မဲဆောက်မြို့သို့ အလည် ဗီဇာဖြင့် သွားရောက်တိမ်း ရှောင်နေရသူများရှိကြောင်း မဲဆောက်ဘက်သို့ ယာယီတိမ်းရှောင်နေရသူတစ်ဦးက ပြောသည်။

၎င်းက “အစ်မတို့က ဒီမဲဆောက်ဘက်မှာ အမျိုးတွေရှိတော့ အလည် ဗီဇာ ၇ ရက်နဲ့လာရတာပေါ့။ ဟိုဘက်မှာက နေလို့ဘယ်လိုမှ အဆင်မပြေဘူးလေ၊ လက်နက်ကြီးတွေက ရမ်းသမ်း ပြီးလိုက်ပစ်နေတာ။’’ ဟု ကေအိုင်စီသို့ပြောသည်။

လက်ရှိ စစ်ဘေးရှောင်ပြည်သူများထဲတွင် သက်ကြီးရွယ်အိုများ နှင့်ကလေးသူငယ်များ အများဆုံး ပါဝင်ပြီး ၎င်းတို့အတွက် အရေးပေါ်ဆေးဝါးများ အဝတ်အထည်များသောက်သုံးရေများနှင့် အခြေခံ စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်းလည်း စစ်ဘေးရှောင်အနီးကပ်ကူညီသူများက ပြောသည်။

အလားတူ ကော့ကရိတ်မြို့အနီး ကျုံဒိုးမြို့ဘက်တွင်လည်း တိုက်ပွဲများဖြစ်ပွားပြီး မြဝတီ−ကော့ကရိတ် အာရှလမ်းပိတ်နေသောကြောင့် မြဝတီကုန်သွယ်ရေးဇုန်ထဲရှိ ကုန်ကားသမားများပိတ်မိနေပြီး ကုန်ပစ္စည်း ပျက်စီးမှုများနှင့်ကြုံနေရသည်ဟု ကုန်တင်ကားသမားများက ပြောသည်။