Home သတင်း အကြမ်းဖက်မှုပပျောက်ရေးအတွက် အခက်အခဲကြားမှ ဇွဲမလျှော့ဘဲ လုပ်ဆောင်သည့် KWO အဖွဲ့အဝင်များကို ဂုဏ်ပြုကြောင်း WLB ပြော

အကြမ်းဖက်မှုပပျောက်ရေးအတွက် အခက်အခဲကြားမှ ဇွဲမလျှော့ဘဲ လုပ်ဆောင်သည့် KWO အဖွဲ့အဝင်များကို ဂုဏ်ပြုကြောင်း WLB ပြော

750
Photo: KWO

ဧပြီလ ၅ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးအပြင် စစ်ရှောင်အရေး၊ အကြမ်းဖက်မှုပပျောက်ရေးနှင့်ပတ်သက်၍ အခက်အခဲများကြားမှ နောက်မဆုတ် ဇွဲမလျှော့ဘဲ အစွမ်းကုန်လုပ်ဆောင်နေသည့် ကရင်အမျိုးသမီးအစည်းအရုံး (Karen Women Organization -KWO)အဖွဲ့နှင့် အဖွဲ့ဝင်များကို ဂုဏ်ပြုကြောင်း အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)WLB က ပြောဆိုလိုက်သည်။

ယနေ့ ဧပြီလ ၅ ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသမီးအစည်းအရုံး -KWO ၏ ဖွဲ့စည်းတည်ထောင်ခြင်း (၃၈) နှစ်မြောက်အတွက် ပေးပို့သော WLB ၏ ဂုဏ်ပြုသဝဏ်လွှာတွင် ထိုသို့ ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

ထို့အပြင် ကရင်အမျိုးသမီးအစည်းအရုံးသည် ကျား-မ တန်းတူရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး၊ လူနေမှုအဆင့်အတန်းမြင့်မားရေး၊ တရားမျှတမှုရရှိရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဖိုဝါဒနှင့် အာဏာရှင်စနစ်ကို တိုက်ထုတ်တွန်းလှန်ရာတွင် ရဲစွမ်းသတ္တိအပြည့်ရှိ သည့်အတွက် အတုယူစရာကောင်းသည့် အမျိုးသမီးအဖွဲ့ အစည်းတစ်ခုဖြစ်ကြောင်းလည်း WLBက သဝဏ်လွှာတွင် ဖော်ပြထားသည်။

ပြည်တွင်းစစ်ကြောင့် ထောင်သောင်းများစွာသော ဒုက္ခရောက်နေသူများကို တစိုက်မတ်မတ် ကူညီစောင့်ရှောက်သည်မကဘဲ နိုင်ငံရေးအပြောင်းအလဲနှင့် တစ်ကျော့ပြန် ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသည့် ဒုက္ခသည်များ၏ ဘဝလုံခြုံရေး၊ စားဝတ်နေရေးနှင့် ကျန်းမာရေး များကိုလည်း အခက်အခဲကြားမှ ဇွဲမလျှော့ဘဲ လုပ်ဆောင်နေသည့် ကရင်အမျိုးသမီးအစည်းအရုံးမှ ညီအစ်မအားလုံးကို အထူးလေးစား ဂုဏ်ယူကြောင်းလည်း WLB က ဆိုသည်။

လွတ်လပ်ခွင့်နှင့် တန်းတူအခွင့်အရေးရရှိရေးအတွက် ကရင်အမျိုးသမီးအစည်းအရုံးသည် ခေတ်အဆက်ဆက် အခက်အခဲကြားမှ ယနေ့အချိန်အထိ မားမားမတ်မတ်ရပ်တည်နိုင်သည့်အတွက် အစည်းအရုံးဝင်များအားလုံးကို ဂုဏ်ပြုကြောင်းလည်း ယနေ့ကျရောက်သည့် ကရင်အမျိုးသမီးအစည်းအရုံးနေ့အတွက် ပေးပို့သည့် အဖွဲ့ ဥက္ကဋ္ဌ ပဒိုနော်ဖောဒေးတိုးက ပြောဆိုသည်။

ပဒိုနော်ဖောဒေးတိုးက“ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ကျမတို့ လူမျိုးတွေဟာ ဒုက္ခဆင်းရဲ အမျိုးမျိုးခံစားနေရပါတယ်။ အဲဒီဒုက္ခခံစားရတဲ့ အများစုဟာ သက်ကြီးရွယ်အို အမျိုးသမီးနဲ့ ကလေးတွေဖြစ်တယ်။ သူတို့ကို ကူညီဖို့အတွက် ကရင်အမျိုးသမီးအစည်းအရုံးဘက်က ကြိုးစား ဆောင်ရွက်ကူညီပေးပေမယ့်လည်း လုံလောက်တဲ့အထိတော့ မဟုတ်ပါဘူး။ ကရင်အမျိုးသမီးအစည်းအရုံးနဲ့အတူ ဝိုင်းဝန်းထောက်ပံ့ကူညီဆောင်ရွက်ပေးသူကိုလည်း ကျေးဇူးတင်ပါတယ်။”ဟု သဝဏ်လွှာထဲတွင် ပြောဆိုထားသည်။

ကရင်အမျိုးသမီးများအတွက် စွမ်းရည်မြှင့်တင်‌ရေးလုပ်ငန်းများ၊ အမျိုးသမီးနှင့် က‌လေးသူငယ် အခွင့်အ‌ရေး ချိုး‌ဖောက်ခံရမှုများ ပ‌ပျောက်‌စေရန်အတွက် လုပ်‌ဆောင်‌ပေး‌နေသည့် ကရင်အမျိုးသမီးအစည်းအရုံး -KWO ကို ၁၉၈၅ခုနှစ်၊ ဧပြီလ (၅)ရက်နေ့တွင် ကွယ်လွန်သူ ကေအဲန်ယူ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြနှင့် ခေါင်းဆောင်အချို့က ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

ယနေ့ ကျရောက်သည့် KWO နေ့ကို KNU တပ်မဟာ၊ ခရိုင် (၇)ခုအပြင် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများနှင့် နယ်စပ်ဒေသအချို့တွင် ဂုဏ်ပြုကျင်းပကြပြီး အဖွဲ့အစည်းအတွင်း သက်တမ်းရင့် လုပ်ဆောင်ခဲ့သည့် အမျိုးသမီး (၄၇)ဦးကိုလည်း ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း အဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ နော်ကညောဖောက ပြောသည်။