Home သတင်း လောင်းကစားပြုလုပ်ခြင်းကို အရေးယူရန် ညွှန်ကြားထားသော်လည်း လောင်းကစားပွဲများစည်ကားဆဲ

လောင်းကစားပြုလုပ်ခြင်းကို အရေးယူရန် ညွှန်ကြားထားသော်လည်း လောင်းကစားပွဲများစည်ကားဆဲ

680
Photo: CJ

ဧပြီလ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင်၊ တပ်မဟာ ၇ နယ်မြေတွင် အာဝါဒေးလောင်းကစားပွဲနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲခြင်းများကို ထိရောက်စွာ အရေးယူမည်ဟု ကရင့်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးအဖွဲ့ – UCKAG ၄ ဖွဲ့က တားမြစ်ညွှန်ကြားချက်ထုတ်ပြန်ထားသော်လည်း လက်ရှိတွင် နယ်မြေအတွင်း လောင်းကစားပွဲတော်များ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိ ဖားအံခရိုင်အတွင်း များပြားလာသည့် လောင်းကစားပွဲများ ပပျောက်နိုင်ရေးအတွက်ဟုဆိုကာ ကရင့်လက်နက်ကိုင် ၄ ဖွဲ့ဖြစ်သည့် KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၇)၊ နယ်ခြားစောင့်တပ်- BGF ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU /KNLA PC) ခေါင်း ဆောင်များက သဘောတူလက်မှတ်ရေးထိုးပြီး မတ်လ ၂၉ရက်နေ့စွဲဖြင့် သက်ဆိုင်ရာမြို့နယ်၊ တပ်ရင်းနှင့် တပ်နယ်အသီးသီးကို ထိုတားမြစ်ချက်ကို ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ညွှန်ကြားချက် ထုတ်ပြန်ထားသော်လည်း သို့သော်လည်း ဖားအံခရိုင်တွင်၊ ပိုင်ကျုံ၊ လှိုင်းဘွဲ၊ နဘူးစသည့် မြို့နယ်ရှိ ကျေးရွာ များတွင် BGF တပ်ဖွဲ့ဝင်များ လုံခြုံရေးယူပေးကာ လောင်းကစားပွဲတော်များ ဆက်လက် ဖွင့်လှစ်နေဆဲဖြစ်သည်ဟု အမည်မဖော်လိုသူဒေသခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“စာတွေထုတ်ပြီး လောင်းကစားဝိုင်းတွေဖြစ်နေတာက ဘယ်အဖွဲ့မှာ တာဝန်ရှိ တယ်လိုတော့ မပြောချင်ဘူး။ ဒါ‌ပေမဲ့ လုံးဝမဖြစ်သင့်တဲ့ အရာပဲ ကရင့် လက်နက် ကိုင်တွေ ဒီလိုပေါင်းဖွဲ့ပြီးတော့ ထိုးထားတဲ့ လက်မှတ်တွေကိုတော့ တစ်ဖွဲ့တစ်ဖွဲ့ နာခံမှု ရှိစေချင်တယ်။ ဒါမှသာလျှင် ကရင်ပြည်သူလူထုလိုချင်တဲ့ ပန်းတိုင်တစ်ခုကို ရောက်လိုထင်တယ်”ဟု ၎င်းဒေသခံက ပြောသည်။

ထို့အပြင် ဇာတ်စင်များဆောက်လုပ်ကာ လောင်းကစားများပြုလုပ်ခြင်းကြောင့် ပြည်သူများ ညဘက်အိပ်မရသည့်အပြင် အိမ်ရှိ ပစ္စည်းများ၊ ဆိုင်ကယ်၊ ကား ၊ နွား၊ ဝက်၊ ကြက်စသည့် အိမ်မွေးတိရိစ္ဆာန်များ ပျောက်ဆုံးမှုများ ဖြစ်နေသောကြောင့် ကျေးရွာအိမ်တွင် လုံခြုံမှုမရှိဟု ခံစားနေကြရသည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။

ကရင်လက်နက်ကိုင် ၄ ဖွဲ့၏ ထုတ်ပြန်ချက်တွင် မိမိတို့ ကရင်လူငယ်မောင်မယ်များ၊ ကရင်တမျိုးသားလုံးနှင့် မြန်မာနိုင်ငံသားများအတွက် ဆိုးဝါး၍ ကြီးမားသော အန္တရာယ်စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်သော လောင်းကစားပွဲနှင့် မူယစ်ဆေးဝါးကိစ္စအား လျော့နည်းပပျောက်သွားနိုင်ရေးအတွက် မိမိတို့ ပြည်သူလူထုတစ်ရပ်လုံးမှ သော်လည်း ကောင်း၊ ရဟန်းရှင်လူပဂ္ဂိုလ်များမှ သော်လည်းကောင်း၊ ကရင့်လက်ကိုင်အဖွဲ့အစည်း၏ တာဝန်ရှိသူများမှ သော်လည်းကောင်း၊ ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံးမှသော်လည်းကောင်း အထူးပင် တာဝန်ရှိသည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် လောင်းကစားပွဲနှင့် မူးယစ်ဆေးဝါးများလျော့နည်းပပျောက်ရေးအတွက် သဘောတူညီမှုများရထားကြသည့်အပေါ် ကရင့်လက်နက်ကိုင်အဖွဲ့အစည်းတိုင်းမှလည်း ဥပဒေနှင့်အညီ တညီတညွတ်တည်းလိုက်ပါဆောင်ရွက်၍ အကောင်အထည်ဖော်သွားရန်လည်း အထူးပင်အရေးကြီးကြောင်း၊ အဆိုပါကိစ္စသည် ဥပဒေမှ ခွင့်မပြုခြင်းဖြင့် သော်လည်းကောင်း၊ ပြည်သူလူထုမှ ထိရောက်စွာ အရေးယူ တားမြစ်ပေးရန် တင်ပြတောင်းဆိုလာခြင်းတို့အပေါ် ပထမအဆင့်အနေဖြင့် တပ်မဟာ ၇ ဖားအံခရိုင် နယ်မြေအတွင်း လျော့နည်းပပျောက်နိုင်ရေးအတွက် အထူးတာဝန်တစ်ရပ်အဖြစ် ခံယူကြလျက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားကြရန် ညွှန်ကြားသည်ဟု ဖော်ပြထားသည်။

ဖားအံခရိုင်အတွင်း ဖြစ်ပေါ်တည်ရှိနေသည့် လောင်းကစားဝိုင်းများနှင့်ပတ်သက်၍ ကေအဲန်ယူ ပိုင်ကျုံမြို့နယ် တာဝန်ရှိသူတစ်ဦးက “လောင်းကစားပွဲ လုပ်တာက ကရင့်လူမျိုးတွေ တော်လှန်ရေးမှာစိတ်မပါဘဲနဲ့ ဒီအပျော်ပါးကိစ္စမှာ စိတ်ပါပြီးတော့ ခုဖြစ်နေတဲ့ကာလတွေကို ဘာမှစိတ်မဝင်စားပဲ ‌စစ်ကောင်စီရဲ့ အာရုံ ပြောင်းခြင်းကို ကရင်လူငယ်များ ခံနေရတယ်”ဟု ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ် ဖားအံခရိုင်အတွင်းရှိ BGF ခေါင်းဆောင်များသည် ဘုရားပွဲ ၊ဘုရားထီးတင်ပွဲ၊ ရှင်ပြုပွဲ၊ လမ်းတံတားဆောက်လုပ်မည်ဟု အကြောင်းအမျိုးမျိုးပြပြီး ဖားအံခရိုင်ရှိ မြို့နယ်များတွင် လောင်းကစားဝိုင်းများကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာကြသည်ဟု ဒေသခံများထံမှ သိရသည်။