Home ဆောင်းပါး “အမျိုးသမီးနှင့် ကျန်းမာရေး (ပညာပေးဆောင်းပါး-၆)”

“အမျိုးသမီးနှင့် ကျန်းမာရေး (ပညာပေးဆောင်းပါး-၆)”

2155

“အမျိုးသမီးနှင့် ကျန်းမာရေး (ပညာပေးဆောင်းပါး-၆)”

အမျိုးသမီးမွေးလမ်းကြောင်းဆိုင်ရာ ရောဂါများ

အမျိုးသမီးတွေရဲ့ဘ၀မှာ မွေးလမ်းကြောင်းဆိုင်ရာ ရောဂါတွေထဲက တစ်ခု မဟုတ် တစ်ခု ကြုံရတတ်ပါတယ်။ တချို့က မွေးလမ်းကြောင်းက တဆင့် ကူးစက် ရောဂါတွေ ကူးစက်တတ်ကြသလို၊ တချို့ကလည်း မွေးလမ်းကြောင်းမှာ ဖြစ်ပွားတဲ့ရောဂါတွေ ကြုံရတတ်ပါတယ်။ လိင်မှတဆင့် ကူးစက်ရောဂါတွေကို မကူး စက်နိုင်အောင် ကာကွယ်/ဆင်ခြင်လို့ရပေမဲ့ မွေးလမ်းကြောင်းမှာ ဖြစ်ပွားတတ်တဲ့ ရောဂါအများစုကတော့ ကြိုတင်ကာကွယ်နိုင်တာ ရှားပါတယ်။

၁။ မွေးလမ်းကြောင်း ကင်ဆာ (Vaginal Cancer)
မွေးလမ်းကြောင်းကင်ဆာဟာ မွေးလမ်းကြောင်းအပေါ်ယံမှာရှိတဲ့ ဆဲလ်တွေမှာ ဖြစ်တတ်တဲ့ ရှားပါးတဲ့ကင်ဆာတမျိုးဖြစ်ပါတယ်။ များသောအားဖြင့် မွေးလမ်းကြောင်းတွင် ကင်ဆာစတင်ဖြစ်ပွားခြင်းက ရှားပါးပြီး တခြားနေရာက ကင်ဆာဆဲလ်ကူးစက်ပြန့်ပွားတာကနေ ဖြစ်တာများပါတယ်။
လူတစ်ယောက်ဟာ ပုံမှန်အားဖြင့် ခန္ဓာကိုယ်ဖြစ်စဉ်အရ ဆဲလ်တွေက အသစ်ဖြစ်ပေါ်တယ်။ ဆဲလ်အဟောင်းတွေက သေဆုံးရတယ်။ ကင်ဆာဖြစ်စေ တဲ့ ဆဲလ်တွေကတော့ အသစ်အသစ်တွေဆက်ဖြစ်ပွားနေပြီး အဟောင်းတွေကလည်း မသေဆုံးဘဲ အလုံး၊အကျိတ်အဖြစ် ပုံစံပြောင်းသွားတဲ့ ဆဲလ်ပွားခြင်းဖြစ် စဉ်ကြောင့် “ကင်ဆာ” ဖြစ်ရတာပါ။

(၁) မွေးလမ်းကြောင်းကင်ဆာ ဘယ်လိုလူတွေဖြစ်တတ်လဲ။
မွေးလမ်းကြောင်း ကင်ဆာဖြစ်ရခြင်း အကြောင်းရင်း တိတိကျကျ မရှိပါဘူး။ ဖြစ်နိုင်ခြေအားဖြင့်
⁃ အသက်ကြီးတဲ့အမျိုးသမီးတွေမှာ အဖြစ်များပြီး အများအားဖြင့် အသက်(၆၀)အရွယ်တွေမှာ တွေ့ရတတ်ပါတယ်။
⁃ သားအိမ်ခေါင်းကင်ဆာကနေ မွေးလမ်းကြောင်းကို ကူးစက်လာတတ်ပါတယ်။
⁃ အသက်ငယ်ငယ်နဲ့ လိင်ဆက်ဆံမှု စခဲ့ရင်
⁃ HIV ကူးစက်ခံထားရရင်
⁃ ဆေးလိပ်သောက်တတ်ရင် ပိုပြီးဖြစ်နိုင်ခြေ များပါတယ်။

(၂) မွေးလမ်းကြောင်းကင်ဆာရဲ့ ရောဂါလက္ခဏာများ
ကင်ဆာအစပိုင်းမှာ ရောဂါလက္ခဏာ မပြတတ်ပါဘူး။ ကင်ဆာအဆင့် တိုးလာပြီဆိုရင်တော့ အောက်ပါလက္ခဏာတွေ ပြတတ်ပါတယ်။
⁃ ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း
⁃ လိင်ဆက်ဆံပြီးတဲ့အခါ သွေးဆင်းခြင်း
⁃ မွေးလမ်းကြောင်းမှာ အလုံးအကျိတ် ရှိနေသလို ခံစားရခြင်း
⁃ ဆီးခဏခဏသွားခြင်း
⁃ ဆီးစပ်ကိုက်ခြင်း
⁃ မိန်းမကိုယ်မှ အရည်ကြည်များဆင်းခြင်းတို့ ခံစားရတတ်ပါတယ်။

(၃) မွေးလမ်းကြောင်းကင်ဆာကို ဘယ်လိုကုသလို့ရလဲ။
⁃ ခွဲစိတ်ကုသခြင်း
⁃ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း
⁃ ဆေးသွင်းကုသခြင်းတို့ဖြင့် ကုသနိုင်ပါတယ်။

၂။ သားအိမ်ခေါင်းကင်ဆာ (Cervical Cancer)
မွေးလမ်းကြောင်းဆိုင်ရာ ရောဂါတွေထဲမှာမှ ရှားရှားပါးပါး ရာခိုင်နှုန်းတစ်ခုအားဖြင့် ကာကွယ်လို့ရနိုင်တာ သားအိမ်ခေါင်းကင်ဆာပါ။ သားအိမ်ခေါင်း ကင်ဆာဆိုတာ သားအိမ်အတွင်း ကင်ဆာဆဲလ်တွေ အဆမတန် ပွားခြင်းကြောင့်ဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ HPV ဗိုင်းရစ်ပ် ကူးစက်မခံရ အောင် ကာကွယ်မယ်၊ HPV ကာကွယ်ဆေးထိုးထားမယ်ဆိုရင် ကာကွယ်နိုင်ပါတယ်။
ခန္ဓာကိုယ်ထဲ HPV ဗိုင်းရပ်စ်ဝင်လာပြီဆိုရင် ခုခံအားစနစ်က ပြန်တိုက်ထုတ်ပါတယ်။ လူနည်းနည်းမှာပဲ ဒီဗိုင်းရပ်စ်က ဆက်ရှိနေပြီး သားအိမ်ခေါင်း ဆဲလ်တွေကို ပုံပြောင်းပစ်တာပါ။ ဒီပုံမမှန်တဲ့ ဆဲလ်တွေက ကံကောင်းရင် နဂို ပုံမှန်ဆဲလ်အဖြစ် ပြန်ဖြစ်နိုင်ပါသေးတယ်။ တချို့တချို့တွေမှာတော့ ကင်ဆာ ဆဲလ်အဖြစ် ပြောင်းလဲပြီး ဆဲလ်တွေ အဆမတန် ပွားလာခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါ စတင် ခံစားရလာပါတယ်။
ကင်ဆာဆဲလ်ဖြစ်နေခဲ့ရင်တောင် လက္ခဏာမပြတတ်တာမို့ ကာကွယ်ဆေး ကြိုတင် ထိုးနှံထားခြင်းဟာ အကောင်းဆုံး ကာကွယ်နည်းပါပဲ။

(၁) သားအိမ်ခေါင်းကင်ဆာမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ။
⁃ သားအိမ်ခေါင်းကင်ဆာ အပါအဝင် HPV ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ တခြားသောကင်ဆာတွေ မဖြစ်အောင် HPV ကာကွယ်ဆေးကို ထိုးနှံထားသင့်ပါတယ်။ (လုံး၀ လိင်မဆက်ဆံဖူးတဲ့သူတွေမှ 100% အကာအကွယ်ရရှိမှာ ဖြစ်ပါတယ်။) ဒါကြောင့် HPV ကာကွယ်ဆေးကို အသက် ၉နှစ်မှာ စတင် ထိုးနှံပေးခြင်းဖြစ်ပါ တယ်။
⁃ သားအိမ်ခေါင်းအချွဲမြှေးစစ်ခြင်းကို ပုံမှန်ပြုလုပ်ပေးပါ။ Pap test အပြင် HPV test ကိုပါ စစ်ပါ။
⁃ လိင်ဆက်ဆံဖော် မများပါစေနဲ့။ မိမိပါတနာက လိင်ဆက်ဆံဖော်များလျှင်လည်း သူ့ဆီကတဆင့် ပြန်လည်ကူးစက်နိုင်တာကြောင့် ကွန်ဒုံးသုံးပါ။
⁃ ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။

(၂) သားအိမ်ခေါင်းကင်ဆာရဲ့ ရောဂါလက္ခဏာများ
⁃ လိင်ဆက်ဆံပြီးတိုင်း သွေးဆင်းခြင်း
⁃ သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်း
⁃ လိင်ဆက်ဆံချိန်နာကျင်ခြင်း
⁃ ရာသီစက်ဝန်း တစ်ခုနှင့်တစ်ခုကြား သွေးဆင်းခြင်း
⁃ အစားအသောက်ပျက်ခြင်းတို့ ခံစားရတတ်ပါတယ်။

(၃) သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုကုသရမလဲ။
⁃ ခွဲစိတ်ကုသခြင်း
⁃ ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း
⁃ သွေးသွင်းကုသခြင်း
⁃ ဟော်မုန်းဆေးတွေနဲ့ကုသခြင်း တို့ဖြင့် ကုသနိုင်ပါတယ်။

၃။ သားဥအိမ်အရည်အိတ်တည်ခြင်း (Ovarian Cyst)
အမျိုးသမီးသားအိမ်ရဲ့ဘေးတစ်ဖက်တချက်စီမှာ သားဥအိမ် (၂)ခု ရှိပါတယ်။ ထိုသားဥအိမ်ရဲ့လုပ်ငန်းစဉ်က လစဉ်ရာသီသွေးလာဖို့ ကူညီပေးခြင်းနဲ့ ကလေးရနိုင်တဲ့ သားဥကြွေရက်ကျရင် သားဥအိမ်အတွင်းမှ မျိုးဥများ ထုတ်လွှတ်ပေးခြင်းကို လုပ်ဆောင်ပါတယ်။
သားဥအိမ် အရည်အိတ်တည်ခြင်းဆိုတာ သားဥအိမ်မျက်နှာပြင် (သို့မဟုတ်) သားဥအိမ်အတွင်း အရည်ကြည်ဖုလိုမျိုး အရည်အိတ်ဖြစ်ခြင်းကို ဆိုလိုပါ တယ်။ အရည်အိတ်လေးတွေထဲမှာ အရည်တွေနဲ့ပြည့်နေပြီး မရင့်မှည့်သေးတဲ့မျိုးဥတွေ ပါပါတယ်။ အဲဒီအရည်အိတ်တွေဟာ တခါတရံ ဆေးဝါးကုသမှုမလိုဘဲ အလိုလို ပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမဲ့ မြုံနေတဲ့အမျိုးသမီးတွေမှာတော့ ဒီအရည်အိတ်တွေနဲ့ ကလေးမရခြင်းဟာ ဆက်စပ်နိုင်တယ်လို့ ဆေးပညာရှင် တွေက ခန့်မှန်းပါတယ်။

⁃ Follicular cyst လို့ခေါ်တဲ့ မမျိုးဥ မကြွေလည်း တဖြေးဖြေး ကြီးထွားလာတတ်တဲ့ အရည်အိတ် အမျိုးအစား
⁃ Corpus luteum cyst လို့ခေါ်တဲ့ မမျိုးဥ ကြွေပြီးနောက် ဟော်မုန်းတွေထုတ်ပေးပြီး ကိုယ်ဝန်မဆောင်ပါက အချိန်တန်လျှင် တဖြည်းဖြည်း ပျောက် ကွယ်သွားတတ်တဲ့ အမျိုးအစား
⁃ Dermoid Cyst လို့ခေါ်တဲ့ ရာသီထိန်းပြီး ကြီးထွားလာတတ်တဲ့ အမျိုးအစား
ထိုအရည်အိတ်ဟာ သန္ဓေသားဆဲလ်တွေကနေ ဖြစ်ပေါ်တာကြောင့် တစ်ရှူးတွေ၊ အမွှေးအမျှင်တွေ၊ အရေပြားနဲ့ သွားများအထိ ပါဝင်နေတတ်ပါတယ်။ သားဥ အိမ် Dermoid Cyst တွေဟာ ကင်ဆာအဆင့်ထိ ဖြစ်လေ့မရှိပေမဲ့ ရေအိတ်အရမ်းကြီးထွားလာတဲ့အခါ သားဥအိမ်လိန်တာဖြစ်စေနိုင်ပြီး သားဥအိမ်ကို သွေးမ ရောက်တာ/သွေးအရောက်နည်းစေတာ ဖြစ်စေတတ်တဲ့အတွက် အချိန်မှီ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
⁃ Cystadenoma လို့ခေါ်တဲ့ သားဥအိမ် အပေါ်လွှာကနေ ကြီးထွားလာတတ်တဲ့ အရည်ကြည်တွေ /ပျစ်ချွဲချွဲတွေ အပြည့်ပါတတ်တဲ့ အရည်အိတ် အမျိုး အစား
⁃ Endometrioma ဆိုတာ ရေအိတ်အမျိုးအစားကတော့ သားအိမ်အတွင်းဆဲလ်တွေ နေရာလွှဲပြီး သားဥအိမ်သို့ရောက်ရှိ အရည်အိတ်တည်ခြင်း အမျိုး အစား
နေရာလွှဲလာတဲ့ တစ်ရှူး(အသားစ)က ဓမ္မတာ တစ်ခါလာတိုင်း ထူထူလာပြီး နောက်ပိုင်း ပေါက်ကွဲထွက်သွားကာ သားအိမ်တစ်ရှုးအပိုင်းအစတွေက ခန္ဓာကိုယ် အပြင်ကို ထွက်စရာမရှိတာမို့ တနေရာရာမှာ သွားပုံနေပြီး အဲ့နေရာမှာ အသားလုံး တည်လာပါတယ်။ ထိုတစ်ရှူးတွေထဲမှာ မမျိုးဥပါ ပါနေတယ်ဆိုရင် endometriomas လို့ခေါ်တဲ့ အရည်အိတ်လေး ဖြစ်လာပါတယ်။

(၁) သားဥအိမ် အရည်အိတ်တည်ခြင်း ဘာကြောင့်ဖြစ်ရတာလဲ?
ဒီရောဂါဟာ ဘာကြောင့်ဖြစ်ရတာလည်းဆိုတာ ရှင်းရှင်းလင်းလင်း တွေ့ရှိချက်တွေ မထွက်သေးပါဘူး။ အရွယ်ရောက်ပြီးသား အမျိုးသမီး ၁၀ယောက်မှာ ၁ယောက်နှုန်းထိ အလွန်အဖြစ်များတဲ့ ရောဂါပါ။ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရာတွေကတော့
– သန္ဓေအောင်ဖို့ မျိုးဥကြွေ ဟော်မုန်းဆေးတွေသောက်ရခြင်း
– ဟော်မုန်း ပြောင်းလဲမှုဆိုင်ရာ ဝေဒနာများ ခံစားနေရခြင်း
– အရင်ကလည်း မျိုးဥအိမ် အရည်အိတ်တည်တတ်ခြင်း
– မျိုးရိုးဗီဇကြောင့်လည်း ဖြစ်တတ်ပါတယ်။ (မိသားစုဝင်တွေထဲ ဒီရောဂါဖြစ်ဖူးခြင်း)
– တင်ပါးဆုံ ဧရိယာတစ်ဝိုက် ကူးစက်ရောဂါ ကူးစက်ခံရခြင်း
– သားအိမ်အတွင်းသား နေရာလွှဲမှားခြင်း
– သားဥအိမ် ရောဂါပိုးကူးစက်ခံရခြင်း

(၂) သားဥအိမ် အရည်အိတ်တည်ခြင်းရဲ့ ရောဂါလက္ခဏာများ

⁃ ရာသီသွေး အများကြီးဆင်းခြင်း
⁃ မျက်နှာ (သို့မဟုတ်) ခန္ဓာကိုယ်မှာ အမွှေးများထူလာခြင်း
⁃ ဝက်ခြံထွက်ခြင်း
⁃ ဆံပင်ပါးလာခြင်း
⁃ စိတ်ဓာတ်ကျခြင်း
⁃ ခလေးမရခြင်း (မြုံခြင်း)
⁃ ကိုယ်အလေးချိန် တက်လာခြင်းနှင့် ကိုယ်အလေးချိန် ပြန်ချရခက်ခြင်းတို့ ခံစားရတတ်ပါတယ်။

(၃) သားဥအိမ် အရည်အိတ်တည်ခြင်းကို ဘယ်လိုကုသလို့ရမလဲ။
ဆရာဝန်မှ သားဥအိမ်မှာ ရိုးရိုးအရည်အိတ်တွေအပြင် ပြည်တည်နာတွေရှိ၊မရှိ စစ်ဆေးနိုင်ဖို့ တင်ပါးဆုံနားတစ်ဝိုက်ကို ဓာတ်မှန်ရိုက်ကြည့်ပါလိမ့်မယ်။
⁃ သားဥအိမ် အရည်အိတ်တွေက သူ့ဖာသာသူ ပျောက်ကင်းသွားတတ်ပေမဲ့ တချို့အရည်အိတ်တွေက မပျောက်သွားတဲ့အတွက် အရည်အိတ်သေးငယ် သွားအောင် ဟော်မုန်းဆေးတွေ တခြားသောက်ဆေးတွေနဲ့ ကုသရနိုင်ပါတယ်။
⁃ တချို့ အရည်အိတ်တွေက ဆေးသောက်လို့ မသက်သာဘူး။ အရွယ်အစားလည်းကြီးတယ်ဆိုရင် ခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။
⁃ ဝက်ခြံနဲ့ အမွေးအမျှင်တွေ တအားထူလာတာကို ကုသဖို့ကတော့ အန်ဒရိုဂျင် ဆန့်ကျင်ဆေးတွေနဲ့ ဆက်လက် ကုသရမှာဖြစ်ပါတယ်။

၄။ သားအိမ်အသားလုံး တည်ခြင်း (Uterine fibroids)
သားအိမ် အသားလုံးတည်ခြင်း (Uterine fibroids) သည် သားအိမ်အတွင်း ကင်ဆာမဟုတ်သော အလုံး / အတက်တွေ ဖြစ်ပါတယ်။ ၎င်းအလုံး၊ အကြိတ်များသည် ကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ မဟုတ်ကြသလို သားအိမ်ကင်ဆာအဖြစ်လည်း ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။
သားအိမ်အသားလုံးများဟာ လူမျက်စိဖြင့် မမြင်နိုင်လောက်အောင် သေးငယ်တဲ့အရွယ်အစားကနေ သားအိမ်ပုံပျက်တဲ့အထိ ကြီးထွားနိုင်သော အရွယ် အစား ဖြစ်တတ်ပါတယ်။ သားအိမ်အသားလုံးဟာ တစ်လုံးတည်းဖြစ်တတ်သလို ၂လုံးထပ်ပိုပြီးလည်း ဖြစ်တတ်ပါတယ်။
အမျိုးသမီးတော်တော်များများမှာ လက္ခဏာ မပြတတ်တာမို့ သားအိမ် အသားလုံးရှိမှန်း မသိကြပါဘူး။ အကြောင်းတစ်ခုခုကြောင့်ဖြစ်ဖြစ်၊ ကိုယ်ဝန် ဆောင်လို့ တယ်လီဗေးရှင်းဓာတ်မှန် (ultrasound) ရိုက်တော့မှသာ ရုတ်တရက် အသားလုံးရှိနေမှန်း တွေ့ရတတ်ပါတယ်။

(၁) သားအိမ် အသားလုံးတည်ခြင်းရဲ့ ရောဂါလက္ခဏာများ
သားအိမ် အသားလုံးတည်ခြင်းရောဂါဟာ ရောဂါလက္ခဏာ မပြတတ်ကြပါဘူး။ အသားလုံး အရွယ်အစား၊ နေရာ၊ အရေအတွက်အရ သိနိုင်တဲ့ ရောဂါ လက္ခဏာတွေကတော့

(က) ပုံမှန်ထပ် ရာသီသွေး (၂)ဆလောက်များတာ၊ ရာသီလာချိန် ရက်ပိုကြာခြင်း
(ခ) ဝမ်းဗိုက်အောက်ပိုင်း ဆီးခုံနေရာတစ်ဝိုက် နာကျင်ကိုက်ခဲတာ၊ ပြည့်တင်းသလို ခံစားရခြင်း
(ဂ) မကြာခဏ ဆီးသွားတာ၊ ဆီးသွားပြီးရင်လည်း ဆီးကျန်သလို ခံစားရခြင်း
(ဃ) ဝမ်းချုပ်တာ
(င) ခါးအောက်ပိုင်းနှင့် ခြေထောက်ပိုင်း နာကျင်တာ
(စ) ထူးခြားဖြစ်စဉ်အနေနဲ့ တခါတရံ အသားလုံးကြီးထွားလာတဲ့အခါ ထိုအသားလုံးကို ထောက်ပံ့ပေးနေတဲ့ သွေးကြောတွေကို ပြန်ဖိမိပြီး သွေးလျှောက်နည်း တာကြောင့် အသားလုံးမှာ လုံလောက်တဲ့သွေး မရရှိတဲ့အတွက် ရုတ်တရက် အလွန်အမင်း နာကျင်လာတာမျိုး ဖြစ်တတ်ပါတယ်။
အထက်ပါ ရောဂါလက္ခဏာများ ခပ်စိပ်စိပ်ဖြစ်တာ (သို့) အချိန်ကြာကြာနေပြီဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နှင့် ပြသ စမ်းသပ်စစ်ဆေးမှု ခံယူသင့်ပါတယ်။

(၂) သားအိမ် အသားလုံး မဖြစ်ပေါ်အောင် ဘယ်လိုကာကွယ်မလဲ။
သိပ္ပံနည်းကျ လေ့လာဆန်းစစ်မှုတွေအရ လက်ရှိအချိန်ထိ သားအိမ်အသားလုံးရောဂါကို ကာကွယ်နိုင်တဲ့နည်းလမ်း မရှိသေးပေမယ့်၊ အသားလုံးတချို့ တလေကပဲ ကုသမှုလိုအပ်တဲ့အဆင့်အထိ ဒုက္ခပေးတတ်ကြပါတယ်။
ဒါပေမယ့် အဝမလွန်စေဖို့ ကိုယ်အလေးချိန် ထိန်းထားတာနဲ့ အသီးအရွက်တွေကို အလေးပေး စားသောက်တာတွေဟာ သားအိမ်အသားလုံး ဖြစ်ပေါ် တာကို လျော့ကျစေပါတယ်။
တချို့သော လေ့လာတွေ့ရှိမှုတွေအရ ဟော်မုန်းပါတဲ့ သန္ဓေတားဆေးတွေကလည်း သားအိမ်အသားလုံးရောဂါ ဖြစ်ပွားနှုန်းလျော့ကျတာနဲ့ ဆက်စပ်မှုရှိ ကြောင်း တွေ့ရှိရပါတယ်။ သွေးဆေးတွေကတော့ မသောက်သင့်ပါဘူး။

(၃) သားအိမ် အသားလုံးတည်ခြင်းကို ဘယ်လိုကုသလို့ရလဲ။
အသားလုံးကို ခွဲစိတ်ဖြတ်တောက်ခြင်း၊ ထိုအသားလုံးကြောင့် သွေးဆင်းများလို့ဖြစ်လာတဲ့ သွေးအားနည်းရောဂါကို ကုသခြင်း၊ ဟော်မုန်းပြန်လည်ထိန်းညှိဖို့အ တွက် ဟော်မုန်းဆေးတွေနဲ့ ကုသခြင်းတို့ဖြင့် ကုသနိုင်ပါတယ်။

၅။ မိန်းမကိုယ်ဂလင်း ရောင်ရမ်းခြင်း
မိန်းမကိုယ်အတွင်း ဘေးနှစ်ဖက်မှာရှိတဲ့ Bartholin’s gland လို့ခေါ်တဲ့ မိန်းမကိုယ်လမ်းကြောင်း ချောမွေ့အောင် ချောဆီထုတ်ပေးတဲ့ ဂလင်းတွေရဲ့ ပြွန်လေးတွေပိတ်သွားပြီ ဖောင်းတင်းလာကာ အရည်အိတ်ဖြစ်သွားတာပါ။
အရည်အိတ် အရွယ်သေးရင်တော့ စမ်းလို့ရမှာမဟုတ်ဘဲ အရည်အိတ်ကြီးလာရင်တော့ မိန်းမကိုယ်ကနေ တစ်ခုခုထွက်နေသလို ခံစားရနိုင်ပါတယ်။ ဒီအရည်အိတ်ဟာ နာနေတတ်တာမျိုးတော့ မဟုတ်ပါဘူး။ ပိုးဝင်နေပြီဆိုရင်တာ့ ပြည်တည်နိုင်ပြီး ထိရင် နာတတ်ပါတယ်။
အဖြစ်များတဲ့ ရောဂါတမျိုးဆိုပေမဲ့ အရမ်း မစိုးရိမ်ရပါဘူး။ မိန်းမကိုယ်ဂလင်း ရောင်ရမ်းလာပြီဆိုရင် အိမ်မှာ တနေ့ကို ၄-၅ကြိမ်လောက် ရေနွေးစိမ် (ရေနွေးနွေးထဲမှာထိုင်ပါ) ပါ။ ၃ရက်ဆက်တိုက် ရေနွေးစိမ်တာမှ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူပါ။

၆။ သားအိမ်ကျွံခြင်း / သားအိမ်ကျခြင်း (Uterine Prolapse)
သားအိမ်(Uterus)ဟာ အမျိုးသမီးတွေရဲ့ တင်ပဆုံအရိုးကွင်း အတွင်းထဲမှာရှိပြီး ကြွက်သားတွေ၊ အရွတ်တွေ၊တစ်ရှူးတွေက သားအိမ်ကို နေရာတကျ ဖြစ်နေအောင် ထိန်းပေးထားရပါတယ်။ ဒီလို သားအိမ်ကို မြဲမြံအောင် ထိန်းထားပေးတဲ့ ကြွက်သား၊ အရွတ်၊ တစ်ရှူးတွေ အားနည်း လျော့ရဲလာတဲ့အခါ သားအိမ် ကျွံခြင်း (Uterine prolapse) ပြဿနာ ဖြစ်လာရပါတယ်။

(၁) ဘယ်သူတွေ အဖြစ်များတတ်လဲ။
⁃ ကလေးအများကြီး မွေးဖူးတဲ့သူများ (ကိုယ်ဝန်ခဏခဏဆောင်ခြင်းနှင့် ရိုးရိုးမွေးဖွားခြင်းကြောင့်လည်း သားအိမ်ထိန်း ကြွက်သားတွေ အားနည်းလာ တတ်ပါတယ်။)
⁃ သွေးဆုံးပြီးတဲ့သူများ (သွေးဆုံးပြီးနောက် ‘မ’ဟော်မုန်း မထုတ်နိုင်တော့တဲ့အချိန် သားအိမ်ကြွက်သားတွေ၊ တစ်ရှူးတွေ အားနည်းလျော့ရဲလာတတ်ပါ တယ်။)
⁃ မျိုးရိုးရှိတဲ့သူများ (မိသားစုထဲမှာ သားအိမ်ကျွံတာ ဖြစ်ဖူးတဲ့သူရှိရင် ကိုယ်လည်း ဖြစ်နိုင်ခြေများပါတယ်)
⁃ အလေးအပင် အမြဲ’ မ ‘ နေရတဲ့သူများ
⁃ အ၀လွန်နေသူများ (အ၀လွန်ခြင်းကြောင့် ကိုယ်တွင်းအဆီတွေ စုပုံလာကာ သားအိမ်ကို အောက်တွန်းပို့သလို ဖြစ်တတ်ပါတယ်)
⁃ သားအိမ်နားတစ်ဝိုက် အလုံး၊အကြိတ်ရှိသူများ (သားအိမ်နှင့် သားအိမ်နားတစ်ဝိုက် အလုံးအကြိတ်တည်ပြီး ထိုအလုံးအကြိတ်များ ဖိမိတာကြောင့်လည်း ဖြစ်တတ်ပါတယ်။)
⁃ တီဘီ၊ နာတာရှည် အသက်ရှူလမ်းကြောင်းရောဂါရှိလို့ အဆက်မပြတ် ချောင်းဆိုးနေသူများ
⁃ ဆေးလိပ်သောက်သူများ

(၂) သားအိမ်ကျွံတာကို ဘယ်လိုသိနိုင်မလဲ။
သားအိမ်ကျွံခြင်း အဆင့်(၄)ဆင့်ရှိပါတယ်။
⁃ အဆင့်(၁) သားအိမ်ခေါင်းက မိန်းမကိုယ်ထဲကျရုံအဆင့်
⁃ အဆင့်(၂) သားအိမ်ခေါင်းက မိန်းမကိုယ်အဝင်၀ထိ ကျဆင်းလာတဲ့အဆင့်
⁃ အဆင့်(၃) သားအိမ်ခေါင်းက မိန်းမကိုယ်ပြင်ပထိ ကျွံထွက်လာတဲ့အဆင့်
⁃ အဆင့်(၄) သားအိမ်တခုလုံး မိန်းမကိုယ်အပြင်ဘက်ကို လုံး၀ ထွက်ကျလာတဲ့အဆင့်

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ သားအိမ်ရဲ့အရှေ့မှာ ဆီးအိမ်၊ သားအိမ်ရဲ့အနောက်မှာ အစာဟောင်းအိမ်၊ သားအိမ်ရဲ့အပေါ်ဘက်မှာ အူတွေရှိပါ တယ်။ သားအိမ်ကျွံတဲ့အခါ အနီးအနားက ဆီးအိမ်၊ အူနဲ့ အစာဟောင်းအိမ်ပါ ကျွံကျနိုင်ပါတယ်။

– မိန်းမကိုယ်အ၀ထိ သားအိမ်ကျလာတဲ့အခါ မိန်းမကိုယ်ကနေ တခုခုကျလာသလိုခံစားရခြင်း
– ဆီးမထိန်းနိုင်၊ ဝမ်းမထိန်းနိုင်ဖြစ်ခြင်း
– ခါးအောက်ပိုင်း အဆက်မပြတ် နာကျင်ခြင်း
– လိင်ဆက်ဆံတဲ့အခါ နာကျင်ခြင်း
– ဆီး / ဝမ်းသွားရခက်၊ လမ်းလျှောက်ရခက်ပြီး မသက်မသာဖြစ်ခြင်း
အဆင့်(၁)မှာကတည်းက ဂရုမစိုက်လျှင် ၊ ဆရာဝန်နှင့် ကုသမှုခံယူဖို့ ရှက်ကြောက်နေမယ်ဆိုရင် အဆင့်(၄)အထိဖြစ်လာနိုင်ပါတယ်။

(၃) သားအိမ်ကျွံခြင်းကို ဘယ်လိုကုသလို့ရလဲ။
– ခွဲစိတ်ကုသခြင်း
– လေ့ကျင့်ခန်းလုပ်ပြီး ကုသခြင်း
– ဟော်မုန်းလိမ်းဆေးဖြင့် ကုသခြင်း
– သားအိမ်ကျွံတာကို ပြန်ပင့်တင့်ဖို့ ကိရိယာ (Ring pessary)အမျိုးမျိုးဖြင့် ကုသခြင်း

(၄) သားအိမ်မကျွံအောင် ကာကွယ်နည်း
ဝမ်းမချုပ်အောင် ဟင်းသီဟင်းရွက်နှင့် အသီးအနှံ များများစားပါ။
အ၀မလွန်အောင် ကိုယ်အလေးချိန်ထိန်းပါ။
အလေးအပင် ‘မ’တာ ရှောင်ပါ။
သားအိမ်ကြွက်သား အားကောင်းအောင် သားအိမ်ကြွက်သားလေ့ကျင့်ခန်း (Kegel workout) လုပ်ပါ။

အယူအဆအမှားတွေ
ရာသီသွေးများရင် ကျန်းမာရေးကောင်းတယ်လို့ အစွဲရှိတတ်ကြပါတယ်။ ရာသီသွေးဆိုတာ သားအိမ်နံရံထူနေတာတွေ ကွာကျတာကြောင့် ဖြစ်ပေါ်လာ တာဖြစ်ပြီး သွေးပုပ်တွေ၊ ကိုယ်တွင်းအပုပ်တွေ မဟုတ်ပါဘူး။
ဆယ်ကျော်သက်နဲ့ ငယ်ရွယ်စဉ်တုန်းမှာ ဟော်မုန်းတွေများတာကြောင့် ရာသီလာရင် သွေးဆင်းများပါတယ်။ အသက်အရွယ် တဖြေးဖြေးကြီးလာလေ လေ၊ ဟော်မုန်းလည်း နည်းလာလေလေ ဖြစ်တာကြောင့် ရာသီသွေး နည်းလာပါတယ်။ ငယ်ငယ်ကလောက် ရာသီသွေးမများတာဟာ ပုံမှန်အခြေအနေသာဖြစ် ပြီး စိတ်ပူဖို့မလိုပါဘူး။ သွေးဆေးတွေ ထပ်ဆောင်းသောက်ဖို့လည်း လုံးဝ မလိုအပ်ပါဘူး။

Reference;
https: //www. mayoclinic. org/diseases-conditions/uterine-fibroids/symptoms-causes/syc-20354288