Home သတင်း ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေရှိ မဲဝိုင်စခန်းအား စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်ခွာ

ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေရှိ မဲဝိုင်စခန်းအား စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်ခွာ

1157
Photo-ပုံဟောင်းများ။

ဧပြီလ ၁၅ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင် ၊ တပ်မဟာ ၅ နယ်မြေ ၊ ဒွယ်လိုးမြို့နယ် မဲဝိုင်တပ်စခန်းရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း -ခလရ(၉၆)မှ တပ်ဖွဲ့ဝင်များသည် ၎င်းတို့တပ်စခန်းကိုစွန့်ခွာသွားခဲ့သည်ဟု KNU တပ်မဟာ(၅)သတင်းအရင်းအမြစ်က ပြောသည်။

တပ်အင်အား(၁၀၀)ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်သည် ၎င်းတို့၏ မဲဝိုင်တပ်စခန်းအား ပြီးခဲ့သည့် ဧပြီလ(၉)ရက်နေ့ နံနက်ပိုင်းကတည်းက စွန့်ခွာသွား ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ခလို့ခီးကျေးရွာရှိတောင်ကုန်းပေါ်တွင် ပြောင်းလဲတပ်စွဲထား ကြကြောင်း ကေအဲန်ယူ တပ်မဟာ(၅)ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ယခုလိုပြောသည်။

၎င်းက “စခန်းစွန့်ခွာပြောင်းရွှေ့ရတဲ့ အကြောင်အရင်းတော့ အတိအကျမသိရဘူး။ ဒါပေမဲ့ မဲဝိုင်စခန်းရှိတဲ့ မဲဝိုင်ရွာနဲ့အနီးကရွာတွေက စစ်တပ်ရဲ့ လက်နက်ကြီး ကျည်နဲ့လေယာဉ်ဗုံးဒဏ်တွေကြောင့် အိမ်တွေအားလုံးပျက်စီးကုန်တော့ ရွာသားတွေ အကုန်ထွက်ပြေးရတယ်။ KNLAကလည်း နေ့တိုင်း နေ့ရောညပါပစ်ခတ်နေ တာကတစ် ကြောင်း၊ ပြီးတော့ တပ်စခန်းက ကွင်းပြင်ထဲမှာရှိနေတာကတစ်ကြောင်းကြောင့် စွန့်ခွာသွားတယ်လို့ ထင်တယ်။” ဟု ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များ စခန်းစွန့်ခွာသွားကြပြီးနောက် KNLA ဘက်က မဲဝိုင် တပ်စခန်းအား ဝင်ရောက်၍ အဆောက်အဦးများအား မီးရှို့ဖျက်ဆီးခဲ့သလို နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ယမန်နေ့ ဧပြီလ(၁၄)ရက်နေ့တွင် ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဥ်က ထုတ်ပြန် ကြေညာထားသည်။

Photo-ပုံဟောင်းများ။

ထိုမဲဝိုင်စစ်ကောင်စီ တပ်စခန်းအား KNLA ဘက်က အကြိမ်ကြိမ်သွား ရောက်တိုက်ခိုက်သော်လည်း နယ်မြေအနေအထားအရ စခန်းသိမ်းယူနိုင်ခြင်းမရှိဘဲ ယခုလိုစခန်းစွန့်ခွာသွားကြပြီးနောက် ၎င်းတို့ပြန် လည်နေထိုင်နိုင်ခြင်းမရှိအောင် တပ်စခန်းအား KNLA က မီးရှို့ဖျက်ဆီးခဲ့ကြောင်း မူတြော်ခရိုင်သတင်းစဥ်က ဖော်ပြထားသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် မတ်လ(၁၁)ရက်နေ့က ရိက္ခာသွားထုတ်ပြီးပြန်လာသည့် မဲဝိုင်စခန်းရှိစစ်ကောင်စီတပ်များအား KNLA တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ (၃)ဦးသေဆုံးပြီး (၂၇)ဦးဖမ်းဆီးရမိခဲ့သလို ဧပြီလ(၂၅)ရက်နေ့ကလည်း လေယာဥ်ဖြင့် တပ်စခန်းသို့ ရိက္ခာထုပ်လာချစဥ် KNLA ၏ သိမ်းယူခြင်းကို ခံခဲ့ရသည်။

ထို့အပြင် စစ်ကောင်စီသည် ကေအဲန်ယူ တပ်မဟာ(၅)ထိန်းချုပ်နယ်မြေဖြစ်သော ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာများနှင့်‌ဒေသခံများ လုပ်ကိုင်စားသောက်ရာနေရာများသို့ မကြာခဏ လက်နက်ကြီးဖြင့်ရော လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး ယခု ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလဆန်းအထိ ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ(၁၄)ဦးသေဆုံးခဲ့ရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။