ဧပြီလ ၇ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့ မြောက်ဘက် ရွှေကုက္ကိုလ်မြို့သစ်အနီး ပြီးခဲ့သည့် ဧပြီလ ၅ ရက်နှင့် ၆ ရက်နေ့အတွင်း တော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်- BGF ပူးပေါင်းတပ်တို့အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ထိုင်းနိုင်ငံနယ်စပ်ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ကြသည့် ဒေသခံပြည်သူများမှာ နေရာထိုင်ခင်းနှင့် အစားအသောက်ခက်ခဲမှုများကြုံတွေ့နေရကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။
ရွှေကုက္ကိုလ်ဒေသ ထီးကော်ထော ကျေးရွာနေရာများမှ ထိုင်းနိုင်ငံနယ်စပ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် အဆိုပါ ဒေသခံရွာသား (၃,၀၀၀)ကျော်ရှိပြီး ၎င်းတို့ကို ထိုင်းအာဏာပိုင်များက ယာယီနေရာထိုင်ခင်း ၉ ခုစီစဉ် ထားလျက် ရှိသော်လည်း လူဦးရေပိုမိုများလာသောကြောင့် ဒေသခံရွာသားများအနေဖြင့် နေရာထိုင်ခင်း မလုံလောက်မှုနှင့် အစားအသောက်ခက်ခဲမှုများ ကြုံတွေ့နေရသည်ဟု စစ်ရှောင်ကူညီနေသူတစ်ဦးက ယခုလိုပြောသည်။
“စာရင်းအတိအကျသိထားတာက (၂၄၀၀) သိထားတယ်။ သူတို့စာရင်းပေးထားတာက (၈၀၀၀) လို့ ပြောတယ်။ ဒါပေမဲ့ သူတို့ခွဲထားပေးတာ ၉ နေရာရှိတယ်။ လူဦးရေတစ်နေ့ထက်တစ်နေ့ပိုများလာတော့ နေရာထိုင်ခင်းတွေ မလုံလောက်ဘူး။ ရာဘာပင်တွေရဲ့အောက်မှာ အခင်းအကျင်းလည်း မရှိဘူး။ ဒီလိုပဲ ထိုင်ရတဲ့အခါကျတော့ လူကြီးတွေအတွက် အဆင်ပြေ ပေမဲ့သက်ကြီးရွယ်အိုတွေကလေးငယ်တွေအတွက်ကျတော့ ပိုးကောင်တွေဘာတွေနဲ့ကျတော့ စိတ်ပူရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် လက်ရှိတွင် ထိုင်းအာဏာပိုင်များက စီစဉ်ပေးထားသည့် နေရာထိုင်ခင်း ၉ ခုအနက် နေရာ ၅ ခုတွင် တိမ်းရှောင် လာသူ လူဦးရေစာရင်းအရ ၂,၄၀၀ ခန့်ရှိသည်ဟု ၎င်းစစ်ရှောင်ကူညီသူက ဆက်ပြောသည်။
တော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်- BGF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲကြောင့် ထိုင်း နိုင်ငံနယ်စပ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ရွာသားများရှိသော်လည်း မိသားစုအခက်အခဲများကြောင့် ရွာထဲတွင် သာနေထိုင်နေသေးသည့် ဒေသခံများလည်း ရှိနေသေးကြောင်း မရှောင်နိုင်သေးသည့် ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “လေဖျန်းနေတဲ့ အမေလည်းအိမ်မှာရှိတော့ ထိုင်းဘက်ကူးဖို့ အဆင်မပြေဘူး။ အမေက ညဘက်အဖျား တက်တက် နေတော့ ဆေးယူရတာလည်း ခက်နေတယ်။ ရွာထဲမှာနေလို့ရရင်နေအုံးမယ်။ တကယ်လို့ လုံးဝနေလို့ မရတော့ရင် တော့ကူးတော့မယ်” ဟု ပြောသည်။
ထို့အတူ ယမန်နေ့ ဧပြီလ ၆ ရက်နေ့ ညပိုင်းတွင်လည်း ရွှေကုက္ကိုလ်ဒေသအနီးရှိထီးကော်ထောကျေးရွာတွင် တော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်- BGF ပူးပေါင်းတပ်တို့အကြား လက်နက်ကြီးပစ်ခတ်သံများနှင့် တိုက်ပွဲအနည်းငယ် ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံရွာသားများကို အခြေအနေအပေါ်မူတည်၍ ရိက္ခာဖြန့်ဝေမှုများ ပြုလုပ်သွားမည်ဟု ပြည်တွင်း နေရပ်စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာကော်မတီ (CIDKP)၏ တာဝန်ရှိသူ တစ်ဦးက ကေအိုင်စီသို့ ယခုလိုပြောသည်။
“အခုလက်ရှိမှာက အရေးပေါ်အခြေအနေဆိုတော့ လာလှူကြတဲ့အဖွဲ့အစည်းတွေရှိသေးတယ်။ ကျနော်တို့က အခြေအနေစောင့်ကြည့်မယ်။ တချို့က သွားလိုက်ပြန်လိုက် အဲ့လိုမျိုးလည်းရှိတယ်လေ။ တကယ်ဒုက္ခရောက်နေတဲ့ လူတွေကို လှူမယ်”ဟု ၎င်း CIDKP တာဝန်ရှိသူက ပြောသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်ကြောင့် ရွှေကုက္ကိုလ်ဒေသနှင့်အနီးအနားကျေးရွာများမှ ထိုင်းနယ်စပ်ဘက်ခြမ်းသို့ ထွက်ပြေး တိမ်း ရှောင်လာသည့် ဒေသခံရွာသားများရှိနေဆဲဖြစ်၍ ယာယီနေရာထိုင်ခင်း ၉ ခုရှိ ဒေသခံရွာသားများ၏ လူဦးရေနှင့် သက်ကြီး ရွယ်အို၊ ကလေးငယ်အရေအတွက်ကိုမူ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြား အတည်ပြု ချက်ရရှိရန် ကြိုးစားနေဆဲဖြစ်သည်။



















