ဧပြီလ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံ-ထီလုံ-ထိုကော်ကိုးလမ်းပိုင်းဘက်တွင် ပြီးခဲ့သည့် မတ်လမှစတင်ကာ စစ်ကောင်စီတပ် လက်အောက်ခံ နယ်ခြားစောင့်တပ်-BGF နှင့် အပစ်အခတ်ရပ်စဲရေးလုပ်ထားသော ကရင်ငြိမ်းချမ်းရေးကောင်စီ-(KNU/KNLA-PC) အဖွဲ့ဂိတ် အများအပြားတိုးလာပြီး ငွေကြေးကောက်ခံများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။
ကရင်ပြည်နယ်၊ မြဝတီ -ကော့ကရိတ်- ကျုံဒိုး အာရှလမ်းမဘက်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည့်အတွက် အာရှလမ်းမကို အသုံးပြုရန် လမ်းခရီးလုံခြုံမှုမရှိခြင်းတို့ကြောင့် ထီလုံ-ထိုကော်ကိုး လမ်းပိုင်းဘက်ကို အသုံးပြုသွားလာနေရခြင်းဖြစ်သည်။
၎င်းလမ်းခရီးကို အသုံးပြုနေသော ကုန်ကားသမားများမှာ လမ်းခရီး ကောင်းမွန်ခြင်းမရှိ၍အချိန်ကြာမြင့်စွာ မောင်းနှင်ရသလို လမ်းခရီးလမ်းတစ်လျှောက်တွင် ငွေကြေးကောက်ခံသော BGF ဂိတ်နှင့် PC ဂိတ် အများအပြား တိုးလာခြင်းတို့ကြောင့် ကုန်ပစ္စည်းပို့ဆောင်သော ကားသမားများမှာ အဆင်မပြေဖြစ်နေသည်ဟု ကားသမားများက ပြောသည်။
ထိုသို့ ငွေကောက်ခံရာတွင် ကားအမျိုးအစားပေါ်မူတည်၍ ကျပ်ငါးထောင်မှ ကျပ်တစ်သောင်းကျော်အထိ ကောက်ခံနေကြောင်း အမည်မဖော်လိုသူ ကုန်ကားမောင်သူတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။
“အခု ဖားအံကနေ မြဝတီအရောက်ကို BGF နဲ့ PC ဂိတ် ငါးဆယ်ကျော်၊ ခြောက်ဆယ်နီးပါးလောက်ရှိတယ်။ ရှိသမျှအကုန်ပေးရတာပဲ။ နောက်ပြီး ခရီးက ပုံမှန်အာရှလမ်းမှာ တစ်ရက်လောက်ခရီးက အခုဆိုရင် သုံးရက်လေးရက်လောက် ကြာတယ်။ တစ်ခါတလေဆိုရင် တစ်ပတ်လောက်ကြာတာရှိတယ်။ လမ်းမှာ ကားကြီးတွေပျက်တဲ့အခါကျရင်ပေါ့နော် အခုက လုံးဝကို အဆင်မပြေပါဘူး ။ တွက်ခြေလည်းမကိုက်ပါဘူး”ဟု ၎င်းက ပြောသည်။

ထီလုံ-ထိုကော်ကိုး လမ်းပိုင်းသည် ငွေကြေးကောက်ခံသည့် လက်နက်ကိုင်တပ်ဖွဲ့တို့ဂိတ်သာများလာပြီး လမ်းမှာ ကောင်းမွန်ခြင်းမရှိသည့်အတွက် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာတွင် လမ်းခရီးကြန့်ကြာမှုဖြစ်၍ ကုန်ပစ္စည်းလည်ပတ်မှု နှောက်နှေးမှုဖြစ်စေသည်ဟုလည်း ကုန်ကားမောင်းနှင်သူများက ပြောသည်။
“ဒီလမ်းကို ကားကြီးရော၊ ကားသေးရော တက်ကြတာ လမ်းကကျဥ်းတယ် အဆင်မပြေတော့ ကားပိတ်တာတွေ ခဏခဏဖြစ်တယ်။ တစ်ခါတလေကျရင် တစ်ပတ်နှစ်ပတ်လောက်ကြာတဲ့ထိ ဖြစ်တယ်။ အဲလိုတွေပိတ်တော့ အဆင် လုံးဝမပြေဘူး။ နောက်ပြီးတော့ ဒီလမ်းမှာအသုံးမပြုရင်လည်း ရွေးစရာလမ်း မရှိဘူးလေ၊ ဒါကြောင့် အသုံးပြုရတာပေါ့” ဟု ကုန်ကားနောက်လိုက်သူတစ်ဦးက ပြောသည်။
စစ်အာဏာမသိမ်းခင်တွင် ထီလုံ-ထိုကော်ကိုးလမ်းပိုင်းတစ်လျှောက်တွင် ကားသွားလာမှုနည်းပါးကာ ဂိတ်ပေါင်း ၁၀ ဂိတ်ကျော်မှာ နှစ်ဂိတ်သာ ငွေကြေးကောက်ခံမှုရှိသည်ဟု သိရှိရသည်။ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှ ဖားအံအပါအဝင် ပြည်မနေရာများဘက်သို့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရာတွင် မြဝတီ-ကော့ကရိတ်-ဖားအံ ဆက်သွယ်ထားသော အာရှလမ်းမနှင့် ထီလုံ-ထိုကော်ကိုးလမ်း နှစ်လမ်းသာရှိ၍ တိုက်ပွဲများကြောင့် အာရှလမ်းတွင် သွားလာခွင့်ပိတ်ထားသဖြင့် လက်ရှိတွင် ထီလုံ-ထိုကော်ကိုးလမ်းကိုသာ အဓိက အသုံးပြုနေကြရသည်။



















