Home သတင်း ပြည်နယ်မြို့တော် ဖားအံတွင် သင်္ကြန်ပွဲတော် စည်စည်ကားကားကျင်းပရန် စစ်ကောင်စီ ကြိုးပမ်း ပြင်ဆင်နေ

ပြည်နယ်မြို့တော် ဖားအံတွင် သင်္ကြန်ပွဲတော် စည်စည်ကားကားကျင်းပရန် စစ်ကောင်စီ ကြိုးပမ်း ပြင်ဆင်နေ

689
Photo: CJ

ဧပြီလ ၇ ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ

ကရင်ပြည်နယ်၏ နေရာတော်တော်များတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ တို့အကြား တိုက်ပွဲ ပြင်းထန်နေသော်လည်း ပြည်နယ်၏ မြို့တော် ဖားအံမြို့တွင် လာမည့် သင်္ကြန် ပွဲတော် စည်ကားရန် သင်္ကြန်မဏ္ဍပ်များကို ယခင်နှစ်များပုံစံအတိုင်း ပြင်ဆင်လုပ်ဆောင်နေကြောင်း ဖားအံမြို့ခံများက ပြောသည်။

မတ်လကုန်ပိုင်းမှ စတင်ကာ ဖားအံမြို့ကမ်းနားလမ်းတလျှောက်တွင် သင်္ကြန်မဏ္ဍပ်များကို Hpa-an Paradise စားသောက်ဆိုင် အနီးမှစတင်ကာ လေသာကျောင်းအနီးရှိ သစ်တောရုံးဝန်းအနီးအထိ မဏ္ဍပ်များကိုဆောက်လုပ်နေကြောင်း ဖားအံမြို့ခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက “အများကြီးဘဲမဏ္ဍပ်တွေက၊ အလုပ်သွားရင်အမြဲတမ်း ဖြတ်ဖြတ်သွားရတော့။ စိတ်ပျက်စရာ ကောင်း တယ်။ ဆောက်တာတော့ လူကြီးတွေပဲဆောက်ကြတာ။ ဒါပေမယ့် ပြိုမှာစိုးလို့ထင်တယ်။ အခုဆိုသံ frame နဲ့ဆောက်ကြတာတွေ့တယ်။” ဟုကေအိုင်စီသို့ ပြောသည်။

ဖားအံမြို့တွင်နှစ်စဉ်ဆောက်လုပ်လျက်ရှိသည့် ဗဟိုမဏ္ဍပ်ကြီးကိုလည်း ဖားအံကမ်းနား လမ်းရှိ Welcome to Hpa-An ဆိုင်ဘုတ်အနီးတွင် ဆောက်လုပ်ထားလျက်ရှိပြီး ကမ်းနားလမ်း တလျှောက် လမ်းလျှောက် သင်္ကြန်ပုံစံမျိုးပြုလုပ်ရန်လည်း စစ်ကောင်စီက စီစဉ်လျက်ရှိသည်ဟု သိရသည်။

ယခုနှစ်သင်္ကြန်ပွဲတော်နှင့်ပတ်သက်၍ ဖားအံမြို့ခံ လူငယ်တစ်ဦးက “ဒီနှစ်လည်း သင်္ကြန်မဏ္ဍပ်မဆောက်ဖြစ်ဘူး။ သူငယ်ချင်းတွေထဲမှာ လက်နက်ကိုင် သွားတဲ့သူတွေရှိတယ်။ သူတို့အတွက် အားနာတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ်ရှိ ကော့ကရိတ်၊ မြဝတီ၊ ဖားပွန်၊ သံတောင်ကြီး နှင့် ကြာအင်းဆိပ်ကြီး စသည့်မြို့ နယ်များတွင် တော်လှန်ရေး ပူပေါင်း တပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲ နေ့စဉ် ဖြစ်ပွားနေပြီး မြေပြင်တွင်း စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးများနေသောကြောင့် လေကြောင်း တိုက်ခိုက်မှုများကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုတိုက်ခိုက်လျက်ရှိသည် မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သိန်းနှင့်ချီသည့် ဒေသခံများလည်း ဘေးလွတ်ရာသို့ ယနေ့အချိန် အထိ ထွက်ပြေး တိမ်းရှောင်နေကြရဆဲဖြစ်သည်။

အလားတူ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားနေသည့် မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြို့ကမ်းနားလမ်းတွင် လည်း မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို စစ်ကောင်စီက ဦးဆောင်ကျင်းပရန် စီစဉ် လုပ်ဆောက်လျက်ရှိနေကြောင်းလည်း မြို့နေဒေသခံများက ပြောသည်။

လက်ရှိတွင် ဖားအံမြို့အနီးရှိ ကော့ကရိတ်၊ ကျုံဒိုး၊ မြဝတီတို့တွင် နှစ်ဖက် တပ်ဖွဲ့ဝင်များ အကြား တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားလျက်ရှိသလို ပြီးခဲ့သည့် ၂ ရက်တွင်လည်း KNU တပ်မဟာ (၇) နယ်မြေ နှင့်ထိစပ်သည့် နယ်ခြားစောင့်တပ် (BGF) များထိန်းချုပ်ရာ ရွှေကုက္ကိုလ်မြို့သစ်အနီးတွင်လည်း နှစ်ဖက် တိုက်ပွဲ ပြင်းထန်၍ ထောင်နှင့်ချီသော စစ်ရှောင်များသည်လည်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်ခဲ့ကြရသည်။