Home သတင်း ရွှေကုက္ကိုလ်မြို့သစ်အနီးတိုက်ပွဲတွင်ပါဝင်သည့် တပ်မှူးနှစ်ဦးကို အဖွဲ့အစည်းမှ KNU/KNLA-PC ထုတ်ပယ်

ရွှေကုက္ကိုလ်မြို့သစ်အနီးတိုက်ပွဲတွင်ပါဝင်သည့် တပ်မှူးနှစ်ဦးကို အဖွဲ့အစည်းမှ KNU/KNLA-PC ထုတ်ပယ်

2430

ဧပြီလ ၇ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့ မြောက်ဘက် ရွှေကုက္ကိုလ်မြို့သစ်အနီး ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ပါဝင်သည့် ကရင်အမျိုးသားအစည်း အရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) ဗျူဟာမှူးနှင့် တပ်ရင်းမှူးတို့ နှစ်ဦးကို အဖွဲ့အစည်းမှ ထုတ်ပယ်လိုက်ကြောင်း ယနေ့ရက်စွဲဖြင့် KNU/KNLA-PCက ထုတ်ပြန် ကြေညာခဲ့သည်။

KNU/KNLA-PC အမှတ် (၂) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောလက်ကိုင်နှင့် တပ်ရင်း(၇၀၈) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး စောကျော်ကရောတို့နှစ်ဦးကို အဖွဲ့အစည်း ဗဟို၏ ညွှန်ကြားမှုများနှင့် တပ်ပိုင်း ဆိုင် ရာ စည်းမျဉ်းစည်း ကမ်းများကို မလိုက်နာသောကြောင့် အဖွဲ့အစည်း ဗဟို၏အရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက်မှတဆင့် ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပယ်စာတွင် ဖော်ပြထားသည်။

KNU/KNLA-PC ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောမောင်မောင်က “ကျနော်တို့က ငြိမ်းငြိမ်း ချမ်းချမ်းသွားပြီး လုပ်မယ်ဆိုတာကို သူတို့က ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ မသွားချင်တော့ဘဲနဲ့ သူတို့ အခုလို ရွေးချယ်လိုက်တဲ့ လမ်းတစ်ခုအပေါ်မှာ မူတည်ပြီးတော့ တိုက်ခိုက်ချင်တဲ့ လမ်းပေါ်မှာ သွားချင် တော့လည်း သူတို့ရဲ့ ရွေးချယ်မှုပေါ့လေ။ အဲ့ဒါမျိုးကျတော့လည်း ကျနော်တို့ရဲ့ ငြိမ်းချမ်းရေး လမ်းစဉ်နဲ့ မကိုက်ညီတဲ့ အစိတ်အပိုင်းတွေ ဖြစ်သွားတာပေ့ါ” ဟု ကေအိုင်စီ သို့ ပြောသည်။

၎င်းတို့ကို အဖွဲ့အစည်းမှ ယခုလို မထုတ်ပယ်ချင်သောကြောင့် ခေါင်းဆောင်များက လိုက်လံထိန်းသိမ်း လုပ်ဆောင်ပေးသလို အချိန်ယူတွေ့ဆုံ ညှိနှိုင်းသော်လည်း ညှိနှိုင်း၍ မရသောကြောင့် ယခုလို ထုတ်ပယ်ရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး စောမောင်မောင်က ဆက်ပြောသည်။

ယခုလ ၅ ရက်နေ့မှစ၍ ကရင်နယ်ခြားစောင့်တပ်-BGF ထိန်းချုပ်ရာ ရွှေကုက္ကိုလ်မြို့သစ် အနီးတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်ဖွဲ့များအကြား ဖြစ်ပွားသော တိုက်ပွဲများတွင် အထက်ပါ KNU/KNLA-PC တပ်မှူး ၂ ဦး ပါဝင်သောကြောင့် ယခုလို ထုတ်ပယ်ခံလိုက် ရခြင်းဖြစ်ပြီး အဆိုပါ တိုက်ပွဲများတွင်လည်း BGF ဘက်မှ အထိနာသောကြောင့် နှစ်ဖက်အပြန်အလှန် တိုက်ပွဲများ ယမန်နေ့အထိ ဆက်လက်ဖြစ်ပွားခဲ့သည်ဟု မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။

တိုက်ပွဲအတွင်း BGF ဂိတ်စခန်းတချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက် တိုက်ခိုက် သိမ်းပိုက် မီးရှို့ခဲ့သလို လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းများတွင် ဖော်ပြထားသည်။

BGF နှင့် စစ်ကောင်စီတပ်ဘက်မှလည်း တပ်အင်အားအလုံးအရင်းဖြင့် ပြန်လည်တိုက်ခိုက်သောကြောင့် တိုက်ပွဲပြင်းထန်နေကာ အနီးအနားဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံ (၃,၀၀၀) ကျော် ဘေးလွတ်ရာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့မှစ၍ မြဝတီမြို့နယ်၊ ကော့ကရိတ်မြို့နယ် နှင့် မြဝတီ-ကော့ ကရိတ် အာရှလမ်းမကြီးတစ်လျှောက်တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီဘက်မှ အထိနာ သောကြောင့် အရပ်သားကားများကို အသုံးပြုကာ လူအင်အားနှင့် ရိက္ခာများပို့ဆောင်လျက်ရှိ သောကြောင့် ယနေ့ ဧပြီလ ၇ ရက်မှ ၂၁ ရက်နေ့အထိ လုံးဝသွားလာခြင်းမပြုရန်လည်း တော်လှန်ရေး ပူးပေါင်းအဖွဲ့ (၈)ဖွဲ့က ပူးတွဲအမိန့် ထုတ်ပြန်ထားသေးသည်။