ဧပြီလ(၂၅)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ရေး-ထားဝယ်ကားလမ်းမပေါ်ရှိ စစ်ကောင်စီ၏ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ဧပြီလ(၂၃)ရက်နေ့က ဥဩစစ်ကြောင်း(ထားဝယ်မြို့နယ်)နှင့် ပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီဘက်မှ တပ်ရင်းမှူးအဆင့်ရှိသူ(၁)ဦးအပါအဝင် (၃)ဦးသေဆုံးခဲ့ကြောင်း ထားဝယ်မြို့နယ်ရှိ တော်လှန်ရေးအင်အားစုများက ယနေ့ဧပြီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ပွဲမှာ ၂နာရီခန့်ကြာမြင့်၍ ပစ်ခတ်မှုအတွင်း စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ-၄၀၆)၏ တပ်ရင်းမှူးဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး ကျော်သူဆွေ သေဆုံးခဲ့သလို ကျန်စစ်ကောင်စီ တပ်ဖွဲ့ဝင် (၁၀)ဦး ထက်မနည်းလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ပြောဆိုထားသည်။
တိုက်ခိုက်မှုတွင်ပါဝင်သော ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက “ တပ်ရင်းမှူးလို့အတည်ပြုတာက စကားပြောစက်တစ်လုံးနဲ့သူ့တပ်သားတွေကို လိုက်ညွှန်ကြားနေတာ ကြောင့် ရယ်၊ တိုက်ပွဲပြီး ကျနော်တို့တပ်တွင်း နီးစပ်သူတွေက တဆင့်စုံစမ်းကြည့်တော့ ကျသွားတာ တပ်ရင်း မှူးဟုတ်တယ်ဆိုပြီး နာမည်နဲ့တကွအတည်ပြုပေးလာတာကြောင့်ရယ်ပါ။” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားစဥ် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပြန်လည် တုံ့ပြန်ပစ်ခတ်ခဲ့မှုကြောင့် ပူးပေါင်း တပ်များ ဘက်မှ(၁၆)ဦး မစိုးရိမ်ရဒဏ်ရာရရှိ၍ (၁)ဦး ဒဏ်ရာပြင်းထန်ခဲ့သော်လည်း လက်ရှိတွင် ပြန်လည် သက်သာလာပြီးဖြစ်ကြောင်း အဆိုပါပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။
“စစ်ကောင်စီက အဲဒီတပ်စခန်းအနောက်ဘက်ကနေ လက်နက်ကြီးနဲ့ပြန်ပစ်ဖို့ နေရာယူပြီး ကျနော်တို့ ဆုတ်မယ့်လမ်းကို မှန်းပြီးပစ်တာ သစ်ပင်ကိုသွားထိတော့ အောက်ကိုလက်နက်ကြီးအစတွေပြန်ကျတယ်။ အဲဒါကြောင့် ကျနော်တို့ရဲဘော်တွေဒဏ်ရာရတာပါ။ စိုးရိမ်ရတဲ့ရဲဘော်လည်း အခုတော့ သက်သာသွားပါပြီ။” ဟု ၎င်းက ဖြည့်စွက်ပြောသည်။
ထိုသို့ တပ်စခန်း တိုက်ခိုက်ခံရပြီးနောက် ဧပြီလ(၂၄)ရက်နေ့ညပိုင်းက အဆိုပါစစ်ကောင်စီဂိတ်စခန်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ပြီး ဒေသခံနေအိမ်ပတ်ဝန်းကျင်သို့ မကျ ရောက်သောကြောင့် ထိခိုက်ပျက်ဆီးမှုမရှိကြောင်း ဒေသခံများကပြောသည်။
တိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့သော ပူးပေါင်းတပ်ဖွဲ့များတွင် ဥဩစစ်ကြောင်း(ထားဝယ်မြို့နယ်)အပါအဝင် ထားဝယ်ခရိုင်တပ်ရင်း(၁)၊ Drone တပ်ဖွဲ့၊ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DGRF)၊ ဧဒင်မှူး(ထားဝယ်-ပကဖ)၊ ဇင်ယော်တပ်စု(ရေဖြူ-ပကဖ)၊ Mine Force PDF၊ သံမဏိပြောက်ကြားတပ်ဖွဲ့ နှင့် မဟာမိတ်တပ်ဖွဲ့ များ ပါဝင်ကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။
ရေး-ထားဝယ် ကားလမ်းပေါ်ရှိ ထိုဂိတ်စခန်းသည် ဖြတ်သန်းသွားလာနေသော ခရီးသည်များအား ငွေကြေး ကောက်ခံခြင်းများ ပြုလုပ်နေပြီး အဆိုပါဂိတ်စခန်းကို ယခုနှစ်အတွင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်မှုစုစုပေါင်း (၆)ကြိမ်ခန့်လုပ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်းလည်း ဒေသတွင်း သတင်း အရင်း အမြစ်များမှ သိရသည်။



















