Home သတင်း ကျုံဒိုး မြို့ပေါ် ရပ်ကွက်နေပြည်သူများအား စစ်တပ်နှင့်BGFမှ နေရာရွှေ့ပြောင်းခိုင်းထား

ကျုံဒိုး မြို့ပေါ် ရပ်ကွက်နေပြည်သူများအား စစ်တပ်နှင့်BGFမှ နေရာရွှေ့ပြောင်းခိုင်းထား

960

ဧပြီလ ၂၅ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ကျုံဒိုးမြို့ပေါ်ရပ်ကွက်ရှိ ကျုံဒိုးရဲစခန်း၊ ကမ်းနားစျေးလမ်း နှင့် ကျုံဒိုး လမ်မ ကြီးပိုင်း နေအိမ်များမှ နေထိုင်သူ ဒေသခံများအား စစ်တပ်နှင့် နယ်ခြားစောင့်တပ် (BGF)တို့က နေရာ ရွှေ့ပြောင်း နေထိုင်ခိုင်းထားကြောင်း ကျုံဒိုးမြို့ခံများက ပြောသည်။

နှစ်ဖက် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလျှင် ထိခိုက်မှုများ ရှိလာပါက တာဝန်ယူမည်မဟုတ်ကြောင်း စသည့်အ ကြောင်းပြချက်ဖြင့် နေရာ ရွှေ့ပြောင်းနေထိုင် ခိုင်းနေခြင်းဖြစ်ပြီး ရပ်ကွက်နေ ပြည်သူများအနေဖြင့် နီးစပ်ရာ ယာယီ စစ်ရှောင်များနေထိုင်ရာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် သွားရောက် ခိုလှုံနေကြရကြောင်း မြို့ခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက “အိမ်ပြန် မနေသေးဘူး။ နေ့ဈေးရောင်း ညစစ်ရှောင်စခန်းပြန်နေကြပုံစံမျိုး နေနေကြရတယ်။ အခုက ကျုံဒိုး ရဲစခန်းကုန်းနဲ့ ကမ်းနားစျေးလမ်းပိုင်း၊ လမ်းမကြီးဘက်နေတဲ့သူတွေကို စစ်တပ်နဲ့ BGF က ရှောင် ခိုင်းထားတယ်။ ပစ်ခတ်လို့ ထိရင် သူတို့တာဝန် မဟုတ်ဘူးဆိုပြီးတော့ ပြောပြီး နေရာတွေ ရွှေ့ခိုင်းနေတော့ စစ်ဘေးရှောင်တွေ ပိုတိုးလာတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ မြို့ခံများအနေဖြင့် ကျုံဒိုးမြို့အနီးရှိ ရွှေဖြူကျောင်း၊ မနီကုန်းကျောင်း၊ ဒေါဖျာရွာဦးကျောင်း၊ ကျုံဘိုင်း သုံးအိမ်ဘုန်းကြီးကျောင်းအပြင် ကျုံဘိုင်း၊ ကော့ဒေးချိန် စသည့် စာသင်ကျောင်း များသို့ ပြောင်းရွှေ့နေထိုင် နေရပြီး ယခင်က အဆိုပါ ကျောင်းများတွင်လည်း စစ်ဘေးရှောင် (၂,၀၀၀) နီးပါး ရှိပြီးသာဖြစ်ကာ လက်ရှိရွှေ့ပြောင်းလာမှုကြောင့် စစ်ရှောင်ဦးရေ နောက်ထပ် ၃၀၀ ခန့် ထပ်တိုး လာကြောင်းလည်း အဆိုပါ မြို့ခံက ဆက်ပြောသည်။

ကျုံဒိုးမြို့တွင် ပြီးခဲ့သည့် မတ်လအတွင်း စစ်ကောင်စီတပ်၊ BGF တပ်များ နှင့် နယ်မြေခံ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး ယခု ဧပြီလ တတိယ အပတ်မှစ၍ စစ်တပ်နှင့် BGF တပ်များက ၎င်းတို့ စခန်းချ တပ်စွဲထားသည့် နေရာအနီးရှိ ရပ်ကွက် နေပြည်သူများကို ဖယ်ရှားရွေ့ပြောင်း ခိုင်းနေသောကြောင့် ကျုံဒိုး အနီးဝန်းကျင် ကျေးရွာများဘက်က ဒေသခံများပါ စျေးရောင်းစျေးဝယ်ခြင်းနှင့် ချောင်းကူးဘောဂိတ်များ ရပ်နားထားရပြီး တစ်ကျော့ပြန် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ် နေကြရကြောင်း ကမ်းနီ ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

“ကမ်းနီ၊ ငှက်ပျောတော၊ ညောင်ရိပ်သာ ဘက်တွေက ကျုံဒိုး ကိုလာဖို့ ဘောဂိတ် ကပိတ်ထားတယ်။ လှေရှိသူ ကို အကူအညီတောင်းပြီး သွားရလာရတယ်။ ကျုံဒိုး စျေးဆိုင်တွေလည်း ဖွင့်လိုက် ပိတ်လိုက်ဘဲ။ ညဆို ရှောင် အိပ်ကြရတယ်။ စစ်တပ်နဲ့ BGF၊ ရဲတွေက ပျူစောထီး၊ ပြည်သူစစ်တွေ နဲ့ အဖွဲ့ စုလုပ်ပြီး ရဲစခန်း၊ အုပ်ချုပ် ရေးရုံး၊ဆေးရုံ၊ ဘုရားကုန်းတွေဘက်မှာ တပ်စွဲထားပြီး ညဘက်ဆို လက်နက်ကြီးပစ်ထုတ် သေနတ် ခြောက်ပြီး ဖောက်တာတွေလုပ်တယ်။ ဆိုတော့ လူတွေ သိပ်မနေရဲ ကြတော့ဘူး” ဟု ကေအိုင်စီ သို့ ပြောသည်။

ကျုံဒိုး မြို့တွင် ပြီးခဲ့သည့်လ နှင့် ယခု ဧပြီလ လဆန်းပိုင်းအထိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းစစ်ကြောင်းများနှင့် စစ်တပ်၊BGF တပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက် ပစ်ခတ် မှုကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ကာ နေအိမ် အလုံး ၄၀ ခန့် မီးလောင် ပြာကျခဲ့ပြီး ကျန်အလုံး ၃၀ ခန့်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ကျုံဒိုး ဒေသ စစ်ဘေးရှောင် ကူညီရေး အဖွဲ့များ၏ အချက် အလက်များအရ သိရသည်။