ဧပြီလ(၂၄)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်မြို့မြောက်ပိုင်း၊ လိပ်သိုလ်မြို့နယ်ခွဲ၊ ကျောက်တံခါးကျေးရွာအုပ်စုရှိ စစ်ဘေး ရှောင်များ စားနပ်ရိက္ခာအကူအညီနှင့်အလုပ်အကိုင်နည်းပါး၍ ရေရှည်ရပ်တည်ရေးအတွက် အခက်အခဲ ဖြစ်လာနိုင်ကြောင်း စစ်ရှောင်များနှင့်နီးစပ်သူများက ပြောသည်။
အဆိုပါစစ်ရှောင်များမှာ ပြီးခဲ့သည့် မတ်လကုန်မှစ၍ တကျော့ပြန်ဖြစ်ပွားနေသော ရေတာရှည်မြို့နယ် အတွင်းရှိ တိုက်ပွဲများကြောင့် သံတောင်မြို့မြောက်ပိုင်း၊ လိပ်သိုလ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်လာသည့် နားဂျပ်ပင်ကျေးရွာနှင့်အနီးတဝိုက်ကျေးရွာများမှ ဒေသခံများဖြစ်ပြီး လက်ရှိ ကျောက်တံခါး ကျေးရွာ အုပ်စု အတွင်း ဖြန့်ကျက်နေထိုင်ကြကာ ၎င်းတို့၏စားဝတ်နေရေးအတွက် ရွာခံများမှ ဝိုင်းဝန်းပံ့ပိုးပေးထားရ ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။
၎င်းက “စစ်ဘေးရှောင်တွေလာနေတော့ စာသင်ကျောင်းတို့ ဓမ္မအဆောင်တို့မှာ ပေးနေတယ်။ စားဖို့ သောက်ဖို့ကျ တော့လည်း ရွာအနီးပတ်ဝန်းကျင်က တက်နိုင်သလောက်ကူညီတယ်။ အရပ်ဖက်အဖွဲ့ တွေဆီက အကူအညီ ကတော့ မရကြဘူး။ ကျမတို့လည်း စုထားတာလေးတွေထုတ်ပြီးတော့ ထောက်ပံ့ နေတယ်။ လာတဲ့သူတွေ ထဲမှာ ကလေးငယ်လေးတွေလည်းပါတယ်။ သူတို့မှာ လယ်တွေ ယာတွေလည်း ထားခဲ့ရတယ်။ ရေရှည်တော့ မလွယ်ဘူး။” ဟု ကေအိုင်စီသို့ပြောသည်။
တိုက်ပွဲများစတင်ဖြစ်ပွားစဥ်က ရေတာရှည်ဘက်မှ စစ်ရှောင်လာသော ဒေသခံ(၅၀၀)ကျော်ရှိသော်လည်း နေရပ်အချို့ပြန်သွားကြသလို အခြားနေရာသို့ ရွေ့ပြောင်းနေထိုင်ကြခြင်းကြောင့် ကျေးရွာအတွင်း အိမ် ထောင်စု ၃၀ကျော် ကျန်ရှိသေးကာ လတ်တလောတွင် ရွာခံများထံတွင် ရရာအလုပ် လုပ်ကိုင်၍ နေထိုင် နေကြသော်လည်း ရေရှည်ရပ်တည်ရေးအတွက် အခက်အခဲ ဖြစ်လာနိုင်ကြောင်း အဆိုပါ ဒေသခံက ဆက်ပြောသည်။
ထို့အပြင် စစ်ဘေးရှောင်ပြည်သူများ၏ အသေးစား ကျန်းမာရေးပြဿ နာများကို ဒေသခံ ကျေးရွာသား များက ဝိုင်းဝန်ကူညီကုသပေးနိုင်သော်လည်း နာတာရှည်နှင့်အခြားသော ပြင်းထန်ရောဂါများဖြစ်ပွားပါက ကူညီကုသပေးရန် ဆေးဝါးနှင့်ငွေကြေးမလုံလောက်သည့် စိန်ခေါ်မှုများလည်း ရှိနေကြောင်း ဒေသခံများက ဆိုသည်။
နောက်ထပ် ဒေသခံတစ်ဦးက “ကျန်းမာရေး အရကတော့ ရွာမှာက ကျန်းမာရေးစောင့်ရှောက်တဲ့သူ အနည်း အကျဥ်းရှိတယ်။ ဒါပေမဲ့ အခမဲ့တော့မရနိုင်ဘူးပေါ့။ ရောဂါကြီးကြီးမားမားဖြစ်လို့ရှိရင်တော့ မလွယ်ဘူး။” ဟု ကေအိုင်စီသို့ပြောသည်။
အလားတူ လိပ်သိုလ်မြို့နယ်အတွင်း ဆန်သယ်ယူခွင့်အား စစ်ကောင်စီ၏ လိပ်သိုလ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သယ်ယူခွင့် ခွင့်ပြုစာ တစ်စောင်လျှင် ဆန်အိတ်နှစ်ဆယ်သာ ခွင့်ပြုပေးထားပြီး ဆေးဝါးသယ်ယူပို့ဆောင်မှုကိုလည်း ကန့်သတ်ထားကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။
သံတောင်မြို့ခံတစ်ဦးက “ဆန်အိတ်၂၀ဆိုတာတောင် တစ်ခါသယ်စာပဲ၊ ကားတိုင်းလည်းပေး သယ်တာ မဟုတ်ဘူး။ ဟိုတစ်ခါတုန်းကလည်း လိပ်သိုလ်မှာ စစ်ရေးတင်းမာနေတဲ့အချိန် ဆေးဝါးတွေ ခွဲဝေပေး ထားတဲ့ ဆေးပေးခန်းတွေကို စစ်တပ်က ဝင်ပြီး မီးရှို့သွားတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ ပြီးခဲ့သည့် ဧပြီလ(၃)ရက်နှင့်(၄)ရက်နေ့တို့တွင် ကျောက်တံခါးကျေးရွာအုပ်စုရှိ မြသာကုန်း ကျေးရွာအနောက်ဖက်ခြမ်း၊ လက်ပံဖြူရွာသို့ စစ်ကောင်စီတပ်များဝင်ရောက်ကာ ဒေသခံများ၏ နေအိမ် အချို့ကိုဖျက်ဆီး၍ ဒေသခံများပိုင်ဆိုင်သောပစ္စည်းများအား ယူဆောင်သွားသလို ရွာခံအချို့ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့သေးကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြထားသည်။



















