Home သတင်း မတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်သေဆုံးခဲ့ကြောင်း KNU ထုတ်ပြန်

မတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်သေဆုံးခဲ့ကြောင်း KNU ထုတ်ပြန်

952

ဧပြီလ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ တပ်တို့အကြား ပြီးခဲ့သည့် မတ်လတစ်လတာအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်း ၄၀၀ ကျော်သေဆုံးခဲ့ကြောင်း KNLA ဗဟိုစစ်ဌာန ချုပ်က ယမန်နေ့ ဧပြီလ(၁၄)ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

KNU နယ်မြေတွင် ပြီးခဲ့သည့် မတ်လတစ်လအတွင်း စစ်ကောင်စီနှင့်တိုက်ပွဲပေါင်း သုံးရာကျော်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ၄၂၂ ဦးသေဆုံးသည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း နှစ်ရာကျော်ရှိခဲ့ကြောင်း KNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် KNU တပ်မဟာ(၂)ထိန်းချုပ်နယ်မြေဖြစ်သော တောင်ငူခရိုင်အတွင်း KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်စခန်းများအား မြေပြင်မှ သွားရောက် တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့များဘက်မှ အကျအဆုံးနှင့်ထိခိုက်ကျဆုံးမှုများရှိခဲ့သည်ဟု မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

တပ်မဟာ(၃)ထိန်းချူပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်တွင်လည်း KNU ၏ ကာကွယ် ရေးဌာနလက်အောက်ရှိ KNLA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့အကြား မတ်လ (၁)ရက်မှ (၁၉)ရက်နေ့အတွင်း စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုး ဝင်ရောက်၍ ဒေသခံများ၏အသက်အိုးအိမ်ကို‌ နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း KNU က ထုတ်ပြန်ကြေညာသည်။

အလားတူ မူတြော်ခရိုင် (တပ်မဟာ ၅)နယ်မြေတွင် မတ်လတစ်လတာအတွင်း တိုက်ပွဲ ပေါင်း(၁၉၀)ကျော်ဖြစ်ပွားခဲ့သည့်အနက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၉၂)ဦးသေဆုံး၍ (၄၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို မတ်လ(၂၈)ရက်နေ့က မယ်ခါးထာ စစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်စဥ်တွင်လည်း စစ်ကောင်စီဘက်မှ (၁၆)ဦးသေဆုံးခဲ့ကြောင်း KNU တပ်မဟာ(၅)၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ မတ်လအတွင်း KNLA နှင့်စစ်ကောင်စီတို့တို့ ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲများအတွင်း KNLA တပ်ဖွဲ့ဝင် (၇)ဦသေဆုံးကာ (၃၁)ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းလည်း KNLA ဗဟို စစ်ဌာနချုပ် ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။